စတာလင်လား၊ ဒမ်ဘီလီလား စဉ်းစားမနေဘဲ နှစ်ယောက်လုံးကို ခေါ်ယူတော့မယ့် ချယ်ဆီး

ချယ်ဆီးအသင်းဟာ တိုက်စစ်ပိုင်း အားဖြည့်ရာမှာ မန်စီးတီး တိုက်စစ်ကစားသမား ရာဟင် စတာလင်နဲ့ ဘာစီလိုနာ တိုက်စစ်သမား ဒမ်ဘီလီတို့ နှစ်ဦးလုံးကို ခေါ်ယူဖို့ စီစဉ်ထားပြီလို့ သိရပါတယ်။

တိုက်စစ်သမား လူကာကူကို အင်တာမီလန်အသင်းဆီ အငှားချဖို့ ကိစ္စတွေ ပြီးစီးသွားတဲ့နောက်မှာ ကစားသမားသစ် ခေါ်ယူမှုတွေကို အရှိန်မြှင့်တော့မှာပါ။

ချယ်ဆီးဟာ လက်တလောမှာ ဗာနာကို အလိုက်ပေးပြီး ဂျူဗင်တပ် ခံစစ်သမား ဒီလစ်ကို ကမ်းလှမ်းဖို့ ရှိနေသလို ဇီယက်စ်ကိုလည်း အေစီမီလန်အသင်းထံ ထွက်ခွင့်ပေးသွားမှာ ဖြစ်ပါတယ်။

တိုက်စစ်သမားတွေကို ရှင်းထုတ်ပြီးနောက်မှာ ချယ်ဆီးက အထောင်တိုက်စစ်သမား စစ်စစ်ကို ပြန်လည် ခေါ်ယူသွားတော့မှာ မဟုတ်ပါဘူး။ အဲ့အစား တိုက်စစ်မှာ နေရာစုံ ပြောင်းလဲ ကစားနိုင်စွမ်းရှိတဲ့ စတာလင်နဲ့ ဒမ်ဘီလီတို့ကို ခေါ်ယူသွားမှာ ဖြစ်ပါတယ်။

ချယ်ဆီးနည်းပြ တူချယ်က သူရဲ့တပည့်ဟောင်း ဒမ်ဘီလီနဲ့ အင်္ဂလန်လက်ရွေးစင် ကစားသမား စတာလင်တို့က သူ့နည်းစနစ်မှာ အံ့ဝင်ခွင်ကျ ဖြစ်နိုင်လိမ့်မယ်လို့ ယုံကြည်နေတဲ့အတွက် ဒီကစားသမားနှစ်ဦးလုံးကို အလိုရှိနေတာ ဖြစ်ပါတယ်။

ပြင်သစ်ကစားသမား ဒမ်ဘီလီကတော့ လက်ရှိမှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ ရက်ပိုင်းလေးသာ ကျန်ရှိနေတော့သူဖြစ်ပြီး စာချုပ်သစ်ကိစ္စ သဘောတူညီမှု မရတာကြောင့် ချယ်ဆီးက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ချိတ်ဆက်နိုင်တော့မှာ ဖြစ်ပါတယ်။

မန်စီးတီးနဲ့ တစ်နှစ်သက်တမ်း ကျန်ရှိနေသေးတဲ့ စတာလင်ကိုတော့ ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၅၀ လောက်နဲ့ ကမ်းလှမ်းရနိုင်ဖွယ် ရှိနေပြီး ပရီးမီးယားလိဂ် အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ စတာလင်ကို ဒမ်ဘီလီထက် ပိုမို ဦးစားပေး ကမ်းလှမ်းဖွယ်လည်း ရှိနိုင်ပါတယ်။