စီ ရော်နယ်ဒို ကို ခေါ်ယူနိုင်ရေး အေးဂျင့်နဲ့ ကိုယ်တိုင် တွေ့ဆုံ မေးမြန်းခဲ့တဲ့ ချဲလ်ဆီးအသင်း ပိုင်ရှင်သစ်

နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေ အရ ချဲလ်ဆီး အသင်းပိုင်ရှင်သစ် တော့ဒ်ဘိုလေဟာ မန်ယူ တိုက်စစ်မှူး စီရော်နယ်ဒို ကို ခေါ်ယူနိုင်ရေးအတွက် အေးဂျင့် ဂျော့မန်ဒက်စ်နဲ့ ကိုယ်တိုင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

တော့ဒ်ဘိုလေ က စီ ရော်နယ်ဒိုရဲ့ အေးဂျင့် ဂျော့မန်ဒက်စ်နဲ့ ပေါ်တူဂီနိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ရော်နယ်ဒိုရဲ့ မန်ယူနဲ့ အနာဂတ် ကိစ္စ၊ စတန်းဖို့ဘရစ်ချ်ထံ ပြောင်းရွှေ့ကစားနိုင်ချေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း The Athletic သတင်း က ဆိုပါတယ်။

ရော်နယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ တနှစ် စာချုပ်သက်တမ်းသာ ကျန်ရှိတော့ပြီး နည်းပြ အပြောင်းအလဲတွေ ရှိလာတဲ့နောက် ဈေးကွက်ထဲမှာလည်း ထင်တိုင်း မပေါက် ဖြစ်နေတဲ့ အသင်း လှုပ်ရှားမှုတွေ အပေါ် မပျော်မရွှင်ဖြစ်နေတယ်လို့လည်း သတင်း ထွက်ထားပါတယ်။

ချဲလ်ဆီး အသင်းဘက်က ရော်နယ်ဒို အတွက် တရားဝင်ကမ်းလှမ်းတာမျိုးတော့ မရှိသေးဘဲ ကနဦးအနေနဲ့ မေးမြန်း စုံစမ်းတာ ဖြစ်နိုင်တယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။

စီရော်နယ်ဒိုကို ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ထားပြီး ထို သတင်း တွေကိုတော့ ဘိုင်ယန်အသင်းဘက်က မဟုတ်မှန်ကြောင်း ငြင်းဆန် ထားပါတယ်။

အသက် ၃၇ နှစ် ရှိပြီ ဖြစ်တဲ့ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက ဆုဖလားလက်မဲ့ဖြစ်ခဲ့ရတာကြောင့် သင့်တော်တဲ့ အခွင့်အရေး ရလာမယ်ဆိုရင် အသင်းပြောင်းရွှေ့ဖို့ လက်ခံစဉ်း စားနိုင်တယ်လို့ သိရပါတယ်။

ရော်နယ်ဒိုဟာ အရွယ်ရပြီ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ရာသီက မန်ယူအတွက် ၃၈ ပွဲ ကစားရာမှာ ၂၄ ဂိုး ထိ သွင်းထားပြီး အသင်း အခြေအနေ မကောင်းချိန်မှာတောင် တစ်ဦးချင်း စွမ်းရည်နဲ့ ထူးချွန်မှုက ရှိနေဆဲ ဖြစ်ပါတယ်။