တူချယ်အတွက် လူသစ် ဒါဇင်ဝက်ထိကို ပေါင် ၂၀၀ သန်း ကျော် သုံးဖို့ သဘောတူညီမှု ရရှိ

ချယ်ဆီး ပိုင်ရှင်သစ်တွေဟာ လက်ရှိ အပြောင်းအရွှေ့မှာ ကစားသမားသစ် ၆ ယောက် အထိ ခေါ်ယူပေးမယ့် အကြောင်း နည်းပြကြီး တူချယ် ကို ကတိပေးလိုက်ပြီဖြစ်ပါတယ်။

လက်ရှိ ပူးတွဲ ပိုင်ရှင် Todd Boehly ဦးဆောင်ကာ အသင်းက စီနီယာ တာဝန်ရှိသူတွေနဲ့ သောမတ် တူချယ် တို့ဟာ အပြောင်းအရွှေ့ ကာလ လှုပ်ရှားမယ့် ကိစ္စရပ်တွေ နဲ့ ပတ်သက်ပြီး ဒီတစ်ပတ်မှာ မျက်နှာချင်းဆိုင် ဆွေးနွေးခဲ့ကြပါတယ်။

ချယ်ဆီးအသင်း စိတ်ဝင်စားနေတဲ့ ကစားသမားတွေထဲမှာ ဒီလစ်၊ ကွန်ဒီ၊ စတာလင်၊ ဒမ်ဘီလီ၊ ရစ်ချာလီဆန် အစရှိသဖြင့် ကစားသမားကောင်းတွေ ပါဝင်နေတာပါ။ နွေအသုံးစရိတ် ပေါင် ၂၀၀ သန်းရဲ့ အဓိက ပမာဏကို ခံစစ်အတွက် အသုံးပြုမှာ ဖြစ်ပါတယ်။

ချယ်ဆီး ပိုင်ရှင်သစ်တွေဟာ အသင်းကို လွဲပြောင်းယူမှု လအနည်းငယ်ပဲ ရှိသေးပေမယ့် မန်စီးတီး ၊ လီဗာပူး တို့ နဲ့ အကြား ကွာဟချက် မကြီးမားသွားအောင် ရည်ရွယ်ထားကာ ၊ အသင်းရဲ့ လည်ပတ်မှုတွေကိုလဲ ပုံမှန် အတိုင်း အသားကျဖို့ ဝိုင်းဝန်း ကြိုးစားနေကြပါတယ်။

ချယ်ဆီးက ကောင်းမွန်တဲ့ ခံစစ်ကို တည်ဆောက်လိုနေပါတယ်။ ကွင်းလယ်က တောင့်တင်းမှု ရှိထားပြီဖြစ်ကာ အထောင်တိုက်စစ်မှူး စစ်စစ် နေရာအတွက် ချယ်ဆီးက စိတ်မဝင်စားဘဲ နေရာစုံ ကစားနိုင်သူမျိုး အလိုရှိနေပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီက စံချိန်တင် ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူခဲ့တဲ့ လူကာကူ ကို အင်တာ မီလန် အသင်းဆီ ပြန်လည် အငှားချဖို့ အတွက်လဲ သဘောတူညီမှု ရရှိထားပြီးပါပြီ။

တကယ်လို့များ အသင်းက စီနီယာ ကစားသမား တစ်ယောက်ယောက် ကို ရောင်းချနိုင်ခဲ့ဦးမယ် ဆိုရင် အသုံးစာရိတ်က ပိုပြီး တိုးလာဖွယ် ရှိနေပါတယ်။