ပရီးမီးယားလိဂ်ဖလား မပြီးသေးဘူး လီဗာပူး အသာရစရာ ကိစ္စ ထွက်လာပြီဆိုတဲ့ ဂယ်ရီနဗီး

အမှတ်ပေးဇယား ပြိုင်ဆိုင်မှုမှာ လီဗာပူးက မန်စီးတီးနောက် ၃ မှတ်အကွာမှာ ရှိနေပေမယ့်လို့ ဘောလုံးရာသီက ပြီးဆုံးပြီ ပြောလို့မရသေးဘူးလို့ ဂယ်ရီနဗီးက ဆိုပါတယ်။

ဂယ်ရီနဗီးက ” ဝုဗ် ဒါမှမဟုတ် ဝက်ဟမ်းက မန်စီးတီးကို ထိတ်လန့်သွားအောင် လုပ်နိုင်မယ်လို့ ကျနော် မျှော်လင့်ထားတယ် ” ဆိုပြီး စကိုင်းစပေါ့ကနေ ပြောဆိုခဲ့တယ်။

ဒီလိုပြောရတဲ့ အကြောင်းရင်းကတော့ ခံစစ်သမားတွေဖြစ်တဲ့ ဒီယက်စ်၊ ဂျွန်စတုန်းနဲ့ ဝေါ်ကာတို့ဟာ ရာသီကုန်ထိ ဒဏ်ရာကြောင့် အနားယူရပြီ ဖြစ်လို့ပါပဲ။ မန်စီးတီးရဲ့ ခံစစ်ပိုင်း အထိနာမှုဟာ အဝေးကွင်းပွဲတွေအဖြစ် ဝုဗ်၊ ဝက်ဟမ်းအသင်းကို ရင်ဆိုင်ချိန်မှာ ထိခိုက်မှုတွေ ရှိလာမယ်လို့ ဂယ်ရီနဗီးက မြင်ပါတယ်။

သူကပဲ ” ရူဘင် ဒီယက်စ် ဒဏ်ရာသွားတယ်။ သူတို့က ကောင်းကောင်းကစားနိုင်တဲ့ အသင်းတွေကို ရင်ဆိုင်ရမှာမို့ ဒါက စီးတီးကို နာကျင်စေနိုင်ပါတယ်။ ဝုဗ်အသင်းကော ဝက်ဟမ်း အသင်းပါ ဒီရာသီမှာ သိပ်ကောင်းနေတာပါ။ သူတို့ကို ရင်ဆိုင်ရတာက ခက်ခဲပါတယ်။ စီးတီးအနေနဲ့ အကောင်းဆုံး လုပ်နိုင်ဖို့ လိုအပ်ပါတယ်။

ဗဟိုခံစစ် အတွဲကတော့ ပြိုကွဲသွားပြီ။ မန်စီးတီးရဲ့ ဒဏ်ရာပြဿနာက လီဗာပူးအတွက် အခွင့်အရေးပါပဲ။ အမှတ်ပေးဖလား ပြိုင်ဆိုင်မှုမှာ တစ်ခုခုဖြစ်လာဦးမယ် ထင်ပါတယ်။ ဒီတိုင်းကြီး ပြီးသွားမယ်တော့ မထင်ပါဘူး။

အကယ်လို့ နောက်ဆုံး ၂ ပွဲကို မန်စီးတီး ကျော်ဖြတ်နိုင်ရင် သူတို့ အနိုင်ရပါလိမ့်မယ်။ ဝုဗ်နဲ့ ဝက်ဟမ်းတို့က မန်စီးတီးထံကနေ ရမှတ်တွေ ခွဲယူမှာဖြစ်ပေမယ့် အဲ့တာက မပြီးသေးပါဘူး။ လီဗာပူးအသင်းဘက်က မန်စီးတီးကို အဝေးကွင်း နှစ်ပွဲ ပေးရမယ်ဆိုရင် အာဆင်နယ်နဲ့ စပါးလွဲရင် ဝုဗ်နဲ့ ဝက်ဟမ်းလို အသင်းတွေနဲ့ဲပဲ အတွဲကျစေချင်မှာပါ။

အတော်လေး ကစားကြရပါမယ်။ လိဂ်အတွက်တော့ ဒါက ကောင်းတာပါပဲ။ လီဗာပူးက အရင် ကစားရမှာဖြစ်ပြီး မန်စီးတီးကို အမှီလိုက်ပါလိမ့်မယ်။ လီဗာပူးအသင်း ရမှတ်တွေ ကျဆင်းတော့မယ်လို့ မထင်ပါဘူး။ သူတို့က သူတို့ အလုပ်ကို အကောင်းဆုံး လုပ်ပါလိမ့်မယ်။

ပထမနဲ့ ဒုတိယနေရာတွေ ဘယ်အသင်းရရ အခြားအသင်းကို ဘယ်သူမှ မထင်မသေးပါဘူး။ ဒီနှစ်သင်းက သူတို့ရဲ့ ခံယူချက်ပိုင်း၊ ကြိုးစားမှုတွေနဲ့အတူ ဘယ်သူ့ကိုမှ စိတ်မပျက်စေခဲ့ပါဘူး။ အရမ်းကို ပရော်ဖက်ရှင်နယ်ဆန်ပြီး သိပ်ကြိုးစားကြပါတယ်။

ဒီနှစ်သင်းက အကောင်းဆုံး လုပ်နေပြီး သူတို့အလုပ်ကို သူတို့ ဂရုစိုက်ပါတယ်။ ယာဂင်ကလော့ပ်နဲ့ ဂွာဒီယိုလာ လက်အောက်တွေမှာ သူတို့တွေ အပြစ်အနာအဆာ မရှိတဲ့ အသင်းတွေဖြစ်ပါတယ် ” လို့ ထင်မြင်ချက် ပေးခဲ့တာဖြစ်ပါတယ်။