ကိတ်ဂေါ်ဒန်ကို ပြန်လည်ရောင်းချရာမှာ ခံစားခွင့်အား ဒါဘီထံက ဝယ်ယူလိုက်တဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ၂၀၂၁ ခုနှစ်တုန်းက ဒါဘီအသင်းထံကနေ ပေါင် ၃ သန်းနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်သမား ကိတ်ဂေါ်ဒန်အတွက် စာချုပ်ပါ အချက်အလက်တွေကို အပြီးသတ် ရှင်းလင်းခဲ့ပြီဖြစ်ပါတယ်။

အပြောင်းအရွှေ့ သတင်းထောက် Fabrizio Romano ရဲ့ ဖော်ပြမှုအရ ၂၀၂၁ ခုနှစ်က မူရင်း စာချုပ်ထဲမှာ ပါဝင်ထားတဲ့ ဂေါ်ဒန်ကို ပြန်လည်ရောင်းချရင် အကျိုးအမြတ်ရဲ့ ၂၀% အား ဒါဘီအသင်းကို ခံစားခွင့်ပေးရမယ်ဆိုတဲ့ အချက်ကို ပယ်ဖျက်နိုင်ဖို့ ဒီနှစ်ထဲမှာတင် လီဗာပူးအသင်းက ဒါဘီအသင်းကို ပေါင် ၅ သိန်း ပေးခဲ့ပြီဖြစ်ကြောင်း သိရတယ်။

ဒါဘီအသင်းဟာ ဘဏ္ဍာရေးပိုင်း ခက်ခဲမှုတွေ ရှိနေတာနဲ့အတူ ဂေါ်ဒန်ရဲ့ အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် အကျိုးအမြတ်ကို စောင့်ဆိုင်းနေတာထက် လက်ရှိမှာတင် ငွေကြေးတစ်ရပ် ရဖို့ကို ဆန္ဒရျိခဲ့တာပါ။ ဒါကြောင့်လည်း လီဗာပူးအသင်းက အဆိုပါ ၂၀% ခံစားခွင့်ကို ပေါင် ၅ သိန်းနဲ့ ဈေးဖြတ် ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအတွက် စီနီယာပွဲ ၄ ပွဲ ကစားထားတဲ့ တိုက်စစ်သမားဟာ သူ့ရဲ့ ပထမဆုံး သွင်းဂိုးကိုလည်း ရထားခဲ့ပြီဖြစ်တယ်။ ဂေါ်ဒန်ဟာ အနာဂတ်အတွက် အလားအလာကောင်း ရှိထားသူဖြစ်ပြီး လာမယ့် တစ်ရာသီ၊ နှစ်ရာသီအတွင်း စီနီယာအသင်းထံ ခေါ်ယူခံရနိုင်တာ ဖြစ်ပါတယ်။

အက်အေဖလား တတိယအဆင့်အဖြစ် ရှရီဘူရီပွဲမှာ အသက် ၁၇ နှစ်နဲ့ ၉၆ ရက်အရွယ် တိုက်စစ်သမား ဂေါ်ဒန်က ခြေပဂိုး သွင်းယူခဲ့တဲ့နောက် လီဗာပူးအသင်းသမိုင်းမှာ ဒုတိယမြောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင် ဖြစ်လာခဲ့ပါတယ်။ ဂေါ်ဒန်ဟာ အက်ဖ်အေဖလား သမိုင်းမှာတော့ လီဗာပူးအသင်းရဲ့ အသက်အငယ်ဆုံး ဂိုးသွင်းရှင်ဖြစ်ပါတယ်။

‘ သူက သိပ်ကို အလားအလာကောင်းသူပါ။ သူ့ရဲ့ အဓိက အားသာချက်က အဆုံးသတ်ပိုင်းပါပဲ ’ လို့ ပွဲအပြီးမှာ ကလော့ပ်က မှတ်ချက်ပေးခဲ့ပါတယ်။ ဂေါ်ဒန်ဟာ မိုက်ကယ်အိုဝင်ကို ကျော်ဖြတ်ပြီး လီဗာပူးအသင်းသမိုင်းမှာ ဒုတိယအသက် အငယ်ဆုံး သွင်းဂိုးရှင်ဖြစ်လာခဲ့ကာ ပထမနေရာမှာတော့ ဘမ်ဝုဒ်ဘမ်း ရှိနေတာပဲ ဖြစ်ပါတယ်။