ဒီနွေ ၄ ဦးမြောက် ခေါ်ယူမှုအဖြစ် ရမ်ဆေးကို ပေါင် ၄ သန်းနဲ့ရဖို့ မျှော်လင့်ထားတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ဒီနွေမှာ ထရန့်ရဲ့ ညာအစွန်နေရာအတွက် အားဖြည့်မှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေရာမှာ နီကိုး ဝီလီယမ်ကို ရောင်းထုတ်ပြီး ကယ်ဗင် ရမ်ဆေးနဲ့ အစားထိုးဖို့ မျှော်လင့်နေကြောင်း အသင်းသတင်းထောက် Neil Jones က ထုတ်ပြောလာပါတယ်။

စကော်တလန်ကလပ် အဘာဒင်အသင်း ညာအစွန်လူ ရမ်းဆေးကို ပေါင် ၄ သန်းနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးစားနေတာဖြစ်တယ်။ အသက် ၁၈ နှစ်အရွယ် ညာအစွန်လူဟာ စကော်တလန်လိဂ်ရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆု ရထားသလို စကော်တလန် ယူ-၂၁ အသင်းအတွက် ကစားနေသူဖြစ်ပါတယ်။

မနှစ်ကရာသီမှာ အဘာဒင်အသင်းအတွက် ပွဲထွက်ပေးရင်း တောက်ပလာတဲ့ စကော့သားဟာ ဒီရာသီမှာလည်း ပြိုင်ပွဲစုံ ၃၁ ပွဲထိ ကစားထားနိုင်ပါတယ်။ သူ့ရဲ့ အလားအလာ ကောင်းမွန်မှုတွေကြောင့် ဇန်နဝါရီတုန်းက စီးရီးအေကလပ် ဘိုလော့ညာက ကမ်းလှမ်းမှု လုပ်ခဲ့ပြီး စကော့တလန်ကလပ်က ငြင်းဆန်ခဲ့တာဖြစ်တယ်။

ဒီနွေမှာတော့ ရမ်ဆေးကို ခေါ်ယူဖို့ လိဒ်ယူနိုက်တက်ကလည်း ကြိုးစားလာဖို့ ရှိနေတာပါ။ လီဗာပူးအသင်းဟာ ဆဲလ်တစ် လူငယ်လေး ဗန်ဒုတ်၊ ဖူလ်ဟမ် လူငယ် ကာဗယ်ရို၊ ဒါရီစီးတီး လူငယ်စတား ထရန့် ကိုနေး-ဒိုဟာတီတို့ကို ဒီနွေမှာ ခေါ်ယူဖို့ အားထုတ်နေတာဖြစ်ပြီး ဗန်ဒုတ်နဲ့ ကာဗယ်ရိုတို့အတွက် သဘောတူညီမှု ရထားပါပြီ။

ရမ်ဆေးအတွက် ပေါင် ၄ သန်း ပေးမယ်လို့ သိထားရပေမယ့် ပြောင်းရွှေ့ကြေး အသေးစိတ်ကို မသိရသေးဘူး။ စီနီယာအဆင့်အတွက် ရည်ရွယ်တယ်လို့တော့ ယုံကြည်ထားရတာဖြစ်တယ်။

ဇန်နဝါရီတုန်းက ဖူလ်ဟမ်သင်းထံ အငှားချခြင်း ခံခဲ့ရတဲ့ ဝီလီယမ်ဟာ ချန်ပီယံရှစ် ချန်ပီယံအဖြစ် ပရီးမီးယားလိဂ်ထံ တန်းတက်လာဖို့ ကူညီပေးနိုင်ခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ် ညာအစွန်လူက ကမ္ဘာဖလားမှာ ပါဝင်ခွင့်ရရေး ပုံမှန်ပွဲထွက်ခွင့် လိုချင်တာကြောင့် ဒီနွေမှာ ထွက်ဖို့ရှိကာ လီဗာပူးဘက်က ပေါင် ၁၀ သန်း အထက် ရလိုတယ်လို့ သိရပါတယ်။