ဥရောပမှာ အောင်မြင်တဲ့ လီဗာပူးက ပြည်တွင်းမှာ နှစ် ၃၀ မှ ဖလား ၁ လုံးလို့ ဂွာဒီယိုလာ ထိုးနှက်

မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ လီဗာပူးပိုင်ဆိုင်ထားတဲ့ အစဉ်အလာကောင်းတွေနဲ့ ပရိသတ်ထုမျိုး သူ့အသင်းမှာ မရှိတာအတွက် အတော်လေး မကျေနပ်ပုံရပါတယ်။

နယူးကာဆယ်ကို နိုင်ပွဲအပြီးမှာ လူတိုင်းက လီဗာပူးကိုပဲ ဖလားရစေချင်ကြတယ် ဆိုတဲ့ စကားမျိုးကို ထုတ်ပြောခဲ့သလို လီဗာပူးအသင်းဟာ နှစ် ၃၀ မှတ် အမှတ်ပေးဖလား ၁ ကြိမ်ရတဲ့ အသင်းလို့ ပေါ်တင် တိုက်ခိုက်စကား ဆိုခဲ့တယ်။ ဒါ့အပြင် အင်္ဂလန်မှာ သူတို့အသင်း ပရိသတ်တွေက လီဗာပူးထက် ပိုများတယ်လို့လည်း စိန်ခေါ်ခဲ့ပါတယ်။

တစ်ပတ်အတွင်းမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို အတူတူ ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ဘက် လီဗာပူးက ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တာကို ဂွာဒီယိုလာက မခံစားနိုင် ဖြစ်နေပုံရပါတယ်။ ဒါကြောင့်လည်း အမှတ်ပေးဖလားအကြောင်း ပြောဆိုမှုနဲ့အတူ လီဗာပူးအသင်းအပေါ် သူ့ရဲ့ မကျေနပ်ချက်တွေက ထွက်ပေါ်လာခဲ့တာဖြစ်တယ်။

beIN Sports နဲ့ အင်တာဗျူးမှာ ဂွာဒီယိုလာက ” ဒီနိုင်ငံက လူတိုင်းက လီဗာပူးကိုပဲ အားပေးနေကြတာ။ မီဒီယာတွေကစ လူတိုင်းပါပဲ။ လီဗာပူးက ဥရောပမှာ အရမ်းကောင်းတဲ့ သမိုင်းကြောင်း ရှိတာက ဟုတ်ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာ မဟုတ်ဘူး။ သူတို့က နှစ်ပေါင်း ၃၀ မှတ် အမှတ်ပေးဖလား ၁ ကြိမ် အနိုင်ရခဲ့တာပါ။ ဒါပေမယ့် ဒါက ပြဿနာရယ်လို့ မဟုတ်ပါဘူး။

လီဗာပူးနဲ့ ယူနိုက်တက်တို့က ကျော်ကြားလှတဲ့ အသင်းတွေပါ။ သမိုင်းမှာ သူတို့ ရယူခဲ့တဲ့ ဆုဖလားတွေနဲ့ များစွာသော ဇာတ်လမ်းတွေအရ သူတို့က ဂန္တဝင်အသင်းတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် ကျနော်တို့ကလည်း ကုန်ခဲ့တဲ့ ၁၀ နှစ်လောက်မှာ ဆုဖလားတွေ ယူလာတဲ့ အသင်းပါ။ ကျနော်တို့နဲ့ ပတ်သက်ပြီး သက်သောင့်သက်သာ မရှိကြဘူးဆိုတာ သိပေမယ့် ဂရုမစိုက်ပါဘူး။

လူတွေက ကျနော်တို့ထက် လီဗာပူးကိုပဲ နိုင်စေချင်ကြတယ်။ အဲ့တာက ပြဿနာ မဟုတ်ဘူး။ ပုံမှန်ပါပဲ။ ကမ္ဘာတစ်လွှားမှာ လီဗာပူး ပရိသတ်တွေ ပိုများရင်များလိမ့်မယ်။ အင်္ဂလန်မှာတော့ မန်စီးတီးပရိသတ်တွေက လီဗာပူးထက် များပါတယ်။

အခု အခြေအနေအရ ၆ မှတ် ဒါမှမဟုတ် ၉ မှတ်ဆိုရင် ကျနော်တို့ ချန်ပီယံဖြစ်ပြီး အဲ့တာက လာမယ့် ၂ ပွဲမှ ဂိုးကွာခြားချက်အပေါ် မူတည်လိမ့်မယ်။ ဗုဒ္ဓဟူးနေ့ကတေ့ာ ကျနော်တို့အတွက် တကယ်ကို ဗိုလ်လုပွဲပဲ အဲ့နေ့မှာ ဝုဗ်ကို အနိုင်ရအောင် ကြိုးစားရမယ်။

ကျနော်တို့ရဲ့ ကံကြမ္မာက ကျနော်တို့ လက်ထဲမှာရှိပါတယ်။ အဲ့တာကပဲ အရေးကြီးဆုံးဖြစ်သလို ကိုယ်ဘာသာပဲ ဂရုစိုက်ဖို့ လိုပါတယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။