ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လီဗာပူးကို အနိုင်ယူဖို့ အန်ဆယ်လော့တီကို တိုက်တွန်းတဲ့ မော်ရင်ညို

ရိုးမားအသင်း နည်းပြ မော်ရင်ညိုက ဒီရာသီမှာ ပထမဆုံး ကျင်းပတဲ့ ဥရောပရဲ့ တတိယတန်းလိဂ် ယူရိုပါကွန်းဖရန့် ဗိုလ်လုပွဲကို တက်ရောက်အပြီးမှာ စကားတစ်ခွန်း ပြောဆိုပါတယ်။

ရိုးမားနဲ့အတူ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခြင်းနဲ့အတူ မော်ရင်ညိုဟာ ဥရောပရဲ့ ထိပ်တန်း ပြိုင်ပွဲ ၃ ရပ်လုံးကို အနိုင်ရတဲ့ တစ်ဦးတည်းသော နည်းပြဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူဖို့ ဆန္ဒပြင်းပြနေတာပါ။ ဗိုလ်လုပွဲကို တက်ရောက်အပြီး ရုပ်သံအတွက် အင်တာဗျူးနေစဉ်မှာပဲ မော်ရင်ညိုက ကြားဖြတ် စကားတခွန်း ပြောလို့ရမလားဆိုပြီး ရီးရဲလ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီကို ဗိုလ်လုပွဲမှာ လီဗာပူးအသင်းကို အနိုင်ယူပါလို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

မော်ရင်ညိုက ” နည်းပြတစ်ယောက်အနေနဲ့ မက်ဆေ့ တစ်ခွန်းလောက် ပြောခွင့်ပေးမယ်ဆိုရင် ကျနော်ရဲ့ သူငယ်ချင်း the great Carletto (အန်ဆယ်လော့တီ) ကို အမှာပါးချင်တယ်။ ငါတို့ နှစ်ယောက်လုံး ဗိုလ်လုပွဲတွေမှာ အနိုင်ယူလိုက်ကြရအောင် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

မော်ရင်ညိုနဲ့ အန်ဆယ်လော့တီဟာ တစ်ကြိမ်မှ အလုပ်တွဲလုပ်ဖူးသူတွေ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ သူတို့ နှစ်ဦးလုံးက ချယ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတွေရဲ့ နည်းပြတာဝန်တွေကို ရယူဖူးကြတာဖြစ်တယ်။

ချယ်ဆီး၊ ယူနိုက်တက်နဲ့ စပါးအသင်းတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ မော်ရင်ညိုကတော့ ချန်ပီယံလိဂ်မှာ လီဗာပူးအသင်း အနိုင်ရသွားတာထက် အန်ဆယ်လော့တီရဲ့ အသင်း ချန်ပီယံဖြစ်တာကို ပိုမို မြင်လိုဟန်ရှိတယ်။

တချိန်က နာမည်ကျော် နည်းပြကြီး မော်ရင်ညိုရဲ့ အကောင်းဆုံး နေ့ရက်တွေဟာ ယူနိုက်တက်နည်းပြအဖြစ် လီဗာပူးအသင်းကို အရေးနိမ့်မှုနောက်မှာ ကုန်ဆုံးလာခဲ့တာဖြစ်တယ်။ အန်ဖီးကွင်းမှာ လီဗာပူးအသင်းကို အရေးနိမ့်အပြီး ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ပေါ်တူဂီသားကြီးဟာ ထိပ်တန်းအဆင့်တွေမှာ မြင်တွေ့ရမှု နည်းပါးလာခဲ့ပါတယ်။

ယူနိုက်တက်ကနေ ထွက်ခွာပြီးနောက် မော်ရင်ညိုဟာ ဆုဖလား စိန်ခေါ်နိုင်စွမ်းတွေ နည်းပါးတဲ့ ပရီးမီးယားလိဂ်ကလပ် စပါးအသင်းနဲ့ စီးရီးအေကလပ် ရိုးမားအသင်းတွေကို ကိုင်တွယ်ခဲ့ပါတယ်။ အဆိုပါ အသင်းတွေနဲ့အတူ မော်ရင်ညိုဟာ ချန်ပီယံလိဂ် ပြိုင်ပွဲထံ တက်ရောက်လာနိုင်ခြင်းလည်း မရှိတော့တာဖြစ်ပါတယ်။