စပါးအတွက် မှတ်ချက်ပေးပြီး လီဗာပူးအသင်းက ဆက်ပြီး ယှဉ်ပြိုင်ဦးမှာပါလို့ ကလော့ပ် အသိပေး

အန်ဖီးကွင်းမှာ စပါးအသင်းကို သရေကျတာက အသင်းလိုချင်တဲ့ ရလဒ်မျိုး မဟုတ်ပေမယ့် ခိုင်မာတဲ့ စိတ်ဓါတ်ပိုင်းကို ဆက်ပြီး ပြသနိုင်ခဲ့တာအတွက် ဂုဏ်ယူတယ်လို့ ကလော့ပ်က ဆိုပါတယ်။

စပါးအသင်းဟာ ကောင်တာကစားဖို့ကို ပြင်ဆင်လာခဲ့ပြီး လီဗာပူးအသင်းကို ဒုက္ခတွေ ပေးနိုင်ခဲ့ပါတယ်။ ဒီပွဲမှာတော့ လီဗာပူးအသင်းက ကစားအားကျဆင်းနေခြင်းကြောင့် ပွဲကို လွှမ်းမိုးဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသလို အထူးသဖြင့် တိုက်စစ်ပိုင်း အခွင့်အရေး ရှာဖွေနိုင်စွမ်း နည်းပါခြင်းကြောင့် ရလဒ် ထိခိုက်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ နှစ်သင်းလုံး ဂိုးမရခဲ့ဘဲ ဒုတိယပိုင်းမှ ဆွန်က ဦးဆောင်ဂိုး ရယူကာ ဒီယက်စ်က ခြေပဂိုး ပြန်သွင်းခဲ့တာဖြစ်တယ်။ ပွဲအပြီးရလဒ်အတွက် ကလော့ပ်ကတော့ စိတ်ဓါတ်ကျဟန် မရှိဘဲ ဆက်ပြီး ကြိုးစားရအောင်လို့ အားလုံးကို တိုက်တွန်းခဲ့ကာ စပါးကိုလည်း ချီးကျူးသွားခဲ့ပါတယ်။

ပွဲအပြီးမှာ ကလော့ပ်က ” စွမ်းဆောင်ရည်အတွက် ကျနော် ကျေနပ် ပျော်ရွှင်ပါတယ်။ ပွဲပလန်ကောင်းနဲ့ လာရောက် ယှဉ်ပြိုင်တဲ့ မယုံနိုင်စရာ ပြိုင်ဘက်ကောင်းကို ရင်ဆိုင်ရာမှာ ကျနော်တို့ ပြသခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာအတွက်လည်း ဂုဏ်ယူမိတယ်။

ဒီကနေ့ အချို့ကိစ္စတွေက မတူညီတဲ့ အဆင့်တွေမှာ ရှိခဲ့ပါတယ်။ ကောင်တာ ဖိအားပေးမှုတွေက သိပ်ကိုကောင်းခဲ့တယ်။ ဒါပေမယ့် စပါးက ဂိုးတစ်ဂိုး ရခဲ့တာကြောင့် ကျနော်တို့က တည်ငြိမ်မှုကို ဆက်ထိန်းဖို့ လိုအပ်ခဲ့တယ်။ အဲ့လို ထိန်းဖို့ဆိုတာက စိန်ခေါ်မှုကြီးလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လို့ အကောင်းဆုံး ဆက်ယှဉ်ပြိုင်ပြီး သရေကျမယ့် သွင်းဂိုးကို ရယူနိုင်ခဲ့ပါတယ်။

ဒီရလဒ်က ကျနော်တို့ ရလိုတဲ့ ရလဒ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် စွမ်းဆောင်ရည်ကတော့ ကျနော်တို့ လိုချင်ခဲ့တဲ့ စွမ်းဆောင်ရည်ဖြစ်လို့ အဆင်ပြေပါတယ်။ ကမ္ဘာအဆင့် ကစားသမားတွေနဲ့ ကမ္ဘာအဆင့် မန်နေဂျာတစ်ဦး ရှိနေတဲ့ အသင်းကောင်းတစ်သင်းကို ရင်ဆိုင်ရတာက သိပ်ကို ခက်ခဲခဲ့ပါတယ်။

သူတို့က တစ်ပတ်လုံး ပြင်ဆင်ထားချိန်မှာ ကျနော်တို့က ၃ ရက်တိုင်းကို ၁ ပွဲနှုန်း ကစားထားရတယ်။ အဝတ်လဲခန်းက အရမ်းကြီးတော့ အခြအနေ ကောင်းမနေပါဘူး။ ဒါပေမယ့် လုပ်စမ်းပါ။ နောက်ပွဲတွေလည်း ကစားရပါဦးမယ်။ ကျနော်တို့ ဆက်ပြီး ယှဉ်ပြိုင်သွားဦးမှာပါ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ လက်ကျန် ပရီးမီးယားလိဂ် ၃ ပွဲကတော့ အက်စတွန်ဗီလာ၊ ဆောက်သမ်တန်၊ ဝုဗ်တို့ဖြစ်ပြီး မန်စီးတီးရဲ့ လက်ကျန် ၄ ပွဲကတော့ နယူးကာဆယ်၊ ဝက်ဟမ်း၊ ဝုဗ်၊ အက်စတွန်ဗီလာတို့ပဲ ဖြစ်ပါတယ်။