ဒီအခြေအနေမှာ အောင်မြင်ချင်ရင် တိုက်ကိုတိုက်ရတော့မယ်လို့ အသင်းသားတွေကို စိတ်ဓါတ်မြှင့်တင်ရေး အားဆေးတွေ တိုက်နေတဲ့ ယာဂင်

ဘောလုံးရာသီရဲ့ အရေးကြီး ကာလကို ရောက်နေပြီဖြစ်လို့ ခေါင်းထဲမှာ ပင်ပန်းနွမ်းနယ်မှုနဲ့ ပတ်သက်ပြီး ညည်းတွားနေတဲ့ အတွင်းစိတ်ရဲ့ အသံတွေကို ငြိမ်သက်အောင် လုပ်ရမယ်လို့ ကလော့ပ်က လီဗာပူးအသင်းသားတွေကို ပြောဆိုခဲ့ပါတယ်။

အရေးပါတဲ့ ဖလားဖိုင်နယ်ပွဲ နှစ်ခုနဲ့ ပရီးမီးယားလိဂ်ဖလားအတွက် အပြင်းအထန် တိုက်ခိုက်ရမယ့် ပွဲစဉ် ၄ ပွဲ ရှိနေတာနဲ့အတူ ဘောလုံးရာသီ နောက်ဆုံးသုံးပတ်အတွင်း လီဗာပူးအသင်းဟာ ပြည့်ကျပ်နေတဲ့ အချိန်ဇယားတစ်ခုကို ရင်ဆိုင်နေရတာပါ။ ပွဲကြီးတွေ တစ်ပွဲပြီးရင်း တစ်ပွဲ ကစားရမှာဖြစ်ပြီး ပြင်းထန်တဲ့ ဖိအားတွေ ရှိနေတာကို ကလော့ပ်က နားလည်ထားပါတယ်။

“ ဖိအားကြီးတွေ ရှိနေတာကို ကျွန်တော်တို့ လက်ခံပါတယ်။ ဒါက ပြင်းထန်တယ်ဆိုတာ သိပေမယ့် ပင်ပန်းနေပြီလို့ တွေးလိုက်ရင် တကယ် ပင်ပန်းလာတာပဲ။ ဒါကြောင့် အဲ့ဒီ့လို အတွေးတွေကို ဖြစ်နိုင်ရင် ဖျက်ချပစ်ပါ။ ဒါဆို ပိုပြီးတော့ အကြာကြီး ကစားလို့ရပါတယ်။ ပင်ပန်းတယ်ဆိုတဲ့ အတွေးကို လျစ်လျူရှုထားသရွေ့ အချိန်အများကြီး ပိုကစားလို့ ရပါတယ်” လို့ ကလော့ပ်က ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းမှာတင် လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်နှစ်ပွဲ၊ ယူနိုက်တက်၊ အဲဗာတန်တို့နဲ့ အကြီးမားဆုံး ဒါဘီပွဲတွေ၊ ပုံစံကောင်းရနေတဲ့ နယူးကာဆယ်နဲ့ အဝေးကွင်းပွဲတွေကို ကစားခဲ့ရတာပါ။ အဲ့ဒီမတိုင်ခင်မှာ မန်စီးတီးနဲ့ ဝင်ဘာလေမှာ ကစားခဲ့ရပြီး ဒီတစ်ပတ်မှာ ထိပ်ဆုံးလေးနေရာအတွက် တိုက်ပွဲဝင်နေတဲ့ စပါးနဲ့ ထပ်ပြီး အက်စ်တွန်ဗီလာနဲ့ အဝေးကွင်းပွဲတို့ကို ကစားဖို့ ရှိနေပါတယ်။

ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှုတွေ အများကြီး ခံစားရတယ်ဆိုတာ ကလော့ပ်က ဝန်ခံခဲ့ပေမယ့် လီဗာပူးရဲ့ မယုံနိုင်စရာ ဆက်တိုက်နိုင်ပွဲတွေက ပင်ပန်းမှုတွေအတွက် အကောင်းဆုံးဆေးဖြစ်သလို သူ့အသင်းဟာ အဆုံးသတ်အထိ တိုက်ပွဲဝင်သွားမယ်ဆိုတာ ယုံကြည်တယ်လို့ ပြောဆိုခဲ့ပါတယ်။

“ ဒီလိုအဆင့်မှာ တိုက်ပွဲတစ်ခုကို ငြင်းပယ်လို့ မရဘူး။ ဘာလို့လဲဆိုတော့ တိုက်ကို တိုက်ရမှာမို့ပါပဲ။ ဒါက ကျွန်တော်တို့ လုပ်ရမယ့်အရာပဲ။ အဲ့ဒီ့ တိုက်ပွဲတွေက ကျွန်တော်တို့ကို ဘယ်အထိ ဆွဲခေါ်သွားမလဲဆိုတာ မသိဘူး။ အခုချိန်ထိတော့ အကောင်းဆုံး ဖြစ်နေသးသလို အမြင့်ဆုံးအဆင့် တိုက်ပွဲတစ်ခုပါပဲ။

အရာအားလုံးကို လိုချင်ရင် အရာအားလုံးအတက် တိုက်ခိုက်ရမယ်။ အဲ့လိုနည်းနဲ့ လိုချင်တာကို ယူရမှာပဲ။ ပွဲတွေကို အနိုင်ရတာက ရနိုင်တဲ့ အကောင်းဆုံး စွမ်းအားမြှင့်တင်ဆေးပဲ။ ကြီးမားတဲ့ ရည်မှန်းချက်တွေရှိတာက သိပ်ကောင်းတဲ့ အားဆေးတစ်ခုပါ။ အဆုံးသတ်မှာ ဆုလာဘ်ကို မြင်တွေ့ရတာက စိတ်ခံစားချက်ကို အတော်လေး အကူအညီ ဖြစ်စေပါတယ်”လို့ ကလော့ပ်က ဆိုပါတယ်။

လီဗာပူးတို့ရဲ့ ပွဲပန်းမှုကို မြင်သာစေခဲ့တဲ့ ဗီလာရီးရဲလ်နဲ့ပွဲရဲ့ ပထမပိုင်းမှာ စိုးရိမ်ခဲ့ကြရပေမယ့် သူတို့ဟာ စိတ်ဓာတ်ကြံ့ခိုင်မှုကို ပြသပြီး တုံ့ပြန်ခဲ့သလို သူ့ကစားသမားတွေဟာ အံ့အားသင့်စရာကောင်းအောင် လုပ်ပြနိုင်ခဲ့တယ်လို့ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။

“ ဗီလာရီးရဲလ်နဲ့ ပထမပိုင်းမှာ ကျွန်တော်တို့တွေ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ နွမ်းနယ်မှု ရှိခဲ့တယ်လို့ မထင်ပါဘူး။ အသင်းရဲ့ အခြေအနေက ကောင်းပါတယ်။ ပွဲထွက်လူစာရင်းမှာ မပါဝင်ခဲ့တဲ့ ကစားသမားတွေက ဘယ်တော့မှ မကောင်းတဲ့ ခံစားချက် မရှိပါဘူး။ လူတိုင်းက ပျော်ရွှင်နေတယ်၊ လူတိုင်းက နောက်ပွဲကို ကစားဖို့ စိတ်အားထက်သန်နေတယ်။

အရင်ဆုံး ကစားသမားတွေ ရုပ်ပိုင်းဆိုင်ရာအရ အဆင်သင့်ဖြစ်နေအောင် လုပ်ရမယ်။ ကျွန်တော်တို့ ရည်မှန်းထားတဲ့ ပစ်မှတ်တွေက စိတ်ဓာတ်ပိုင်းဆိုင်ရာအရ အဆင်သင့် ဖြစ်အောင် လှုံ့ဆော်ပေးပါတယ်။

ဘယ်နေရာမှာ အဆုံးသတ်မလဲ ကျွန်တော်တို့ မသိဘူး။ နောက်သုံးပတ်အတွင်း အဖြေသိရတော့မှာပါ။ ကျွန်တော်တို့ ရှိသမျှ အရာအားလုံးနဲ့ တိုက်ပွဲဝင်သွားပါမယ်”လို့ ကလော့ပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။