ပရီးမီးယားလိဂ်ကို ပြန်ရောက်လာတော့မယ့် ၂၀၁၈ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှ လီဗာပူး အသင်းသားဟောင်း

လီဗာပူးတိုက်စစ်မှူးဟောင်းနဲ့ လက်ရှိ ဘုန်းမောက်တိုက်စစ်မှူး ဒိုမိနစ် ဆိုလန်ကီဟာ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ထံ ပြန်ရောက်လာတော့မှာဖြစ်ပြီး သူဟာ ဒီရာသီအတွက် ချန်ပီယံရှစ် အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် ပါဝင်ခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ ဒီရာသီမှာ ဘုန်းမောက်အသင်းအတွက် အကောင်းစား ခြေစွမ်းတွေ ပြသခဲ့တာပါ။ ပြိုင်ပွဲစုံမှာ သွင်းဂိုး ၃၀ သွင်းယူပြီး ဂိုးထောက်ပံ့မှု ၇ ကြိမ် လုပ်ထားတဲ့ သူဟာ ဒီရာသီ အကောင်းဆုံးဆုအတွက် မီထရိုဗစ်၊ လီဗာပူးအသင်းမှာတုန်းက အသင်းဖော်ဟောင်း ဟယ်ရီ ဝီဆန်တို့နဲ့ ပြိုင်ဆိုင်ခဲ့ရသေးတာ ဖြစ်ပါတယ်။

သူ့ရဲ့ အလားအလာကောင်းတွေကြောင့် ၂၀၁၇ မှာ ချယ်ဆီးအကယ်ဒမီကနေ သူ့ကို ခေါ်ယူဖို့ လီဗာပူးအသင်းက ကြိုးစားခဲ့ရတာဖြစ်တယ်။ ဆိုလန်ကီကလည်း ကော်စတာ၊ ဘတ်ရှူဝါရီတို့ရဲ့နောက် အရန်လူအဖြစ် ရှိနေရမယ့် အနေအထားကြောင့် ပွဲကစားခွင့်ကို စိန်ခေါ်ဖို့ လီဗာပူးထံ စွန့်ခွာလာခဲ့ပါတယ်။

ချယ်ဆီးအကယ်ဒမီကနေ ပြောင်းရွှေ့ကြေး နည်းနည်းနဲ့ ခေါ်ယူခဲ့တာဖြစ်ကာ လီဗာပူးကစားသမားဘဝမှာတော့ မျှော်လင့်သလို အဆင်မပြေခဲ့ပါဘူး။ ဆိုလန်ကီဟာ ယာဂင်ကလော့ပ်ရဲ့ စီနီယာအသင်းအတွက် ပွဲထွက်ပေးဖို့ရာ ရုန်းကန်ခဲ့ရတာကြောင့် ဘုန်းမောက်ထံ ပေါင် သန်း ၂၀ နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

“ အဲ့ဒါက အရမ်းခက်ခဲခဲ့ပါတယ်။ မြင့်မားတဲ့ မျှော်လင့်ချက်တွေက ပိုပြီး ခက်ခဲအောင် လုပ်သလို ဖြစ်ခဲ့တယ်။ တကယ်ကို ခက်ခဲတဲ့ အချိန်တစ်ခု ဖြစ်ခဲ့တာပါ။ ဒါပေမယ့် အခု ကျွန်တော် နောက်ပြန်ကြည့်ပြီးတော့ ရှေ့ဆက်သွားဖို့ တွန်းအားအနေနဲ့ အသုံးပြုနိုင်နေပါပြီ။

လုံလောက်တဲ့ ကောင်းမွန်မှုရဖို့ သံသယတွေ မရှိခဲ့ဘူးလို့ မပြောပါဘူး။ ကျွန်တော်က ပရီးမီးယားလိဂ်မှာ ကစားနိုင်တဲ့ အရည်အချင်းနဲ့ လုပ်အားနှုန်း ရှိတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ယုံကြည်မှုနဲ့ ပုံမှန်စည်းချက်ကိုတော့ မရရှိခဲ့ဘူး။ အဲ့ဒါက ကျွန်တော့်ကို အခက်အခဲ ဖြစ်စေခဲ့တာပါ ” လို့ ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ်ထံ တန်းတက်လာနိုင်ချိန်မှာ ဆိုလန်ကီက ရှင်းပြခဲ့ပါတယ်။

၂၀၁၈ ချန်ပီယံလိဂ်ဖိုင်နယ်မှာ အရန်ခုံထိုင်ခဲ့ရတဲ့ အချိန်က ဆိုလန်ကီအတွက် အမှတ်ရစရာ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ သူဟာ မန်စီးတီး၊ ရိုးမားတို့နဲ့ ရှုံးထွက်ပွဲ တချို့မှာ လူစားဝင်ကစားခဲ့ရပြီး ဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့စဉ် အသင်းလူစာရင်းထဲ ပါဝင်ရုံနဲ့တင် စိတ်လှုပ်ရှားစရာ ကောင်းခဲ့တယ်လို့ ဝန်ခံခဲ့သေးတာဖြစ်တယ်။

၂၀၁၉ မှာ လီဗာပူးအသင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲကို နှစ်နှစ်ဆက် တက်ရောက်ချိန်မှာတော့ ဇန်နဝါရီတည်းက အသင်းပြောင်းခဲ့တဲ့ ဆိုလန်ကီဟာ အသင်းရဲ့ ပွဲနေ့လူစာရင်းမှာ ထပ်ပြီး မပါနိုင်တော့ပါဘူး။

ဒီရာသီမှာတော့ လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်တို့ နောက်တစ်ကြိမ် ဗိုလ်လုတော့မှာဖြစ်ပြီး လွန်ခဲ့တဲ့ ၄ နှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲကို လီဗာပူးအသင်း အရန်ခုံတန်းကနေ ကြည့်ရှုခွင့်ရခဲ့တဲ့ အင်္ဂလန်သားဟာ အဆိုပါပွဲကို စောင့်ကြည့်ဖြစ်မှာ သေချာလှပါတယ်။