တိုက်စစ်မှူးကောင်းတို့ ကျင်လည်ရာ အန်ဖီးရပ်ဝန်းမှာ ဒီယက်စ်ဆိုတဲ့ မုန်တိုင်း အားကောင်းလာနေပါပြီ

လူးဝစ် ဒီယက်စ်ဟာ အန်ဖီးမှာ ၃ လပဲ ကြာသေးပေမယ့် အတော်လေး အထင်ကြီးစရာ ကောင်းလောက်အောင် လုပ်ပြခဲ့ပြီးပါပြီ။ သူ့အတွက် ပြောင်းရွှေ့ကြေး အပြည့်အဝ ပေးချေရချိန်မှာ ပေါင် သန်း ၅၀ နီးပါးရှိတာမို့ ဈေးပေါတဲ့ ကစားသမား မဟုတ်ပေမယ့် သူက သေချာပေါက် ဈေးတန်တန်နဲ့ ရခဲ့တဲ့ ပါရမီရှင်တစ်ယောက်ပါ။

အခုလို ကြီးမားတဲ့ ဘောလုံးစင်မြင့်ပေါ်က စပိန် မိုးထဲရေထဲမှာ လီဗာပူးရဲ့ ချန်ပီယံလိဂ် အိမ်မက်တွေ စတင်ထိခိုက်လာချိန်မှာ ကွင်းထဲ ဝင်ရောက်လာပြီး အခြေအနေကို ပြောင်းလဲပေးခဲ့တဲ့သူက ဒီယက်စ်ပါပဲ။ သူက ပွဲကို ပြောင်းလဲပေးသူ။ အခြေအနေတွေကို ပြောင်းလဲပေးသူပါ။ လီဗာပူးရဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ ဒီယက်စ်လို အသင်းကို ရောက်လာတည်းက အထိုင်ကျသူမျိုးဆိုလို့ ဗန်ဒိုက် တစ်ဦးပဲ ရှိပါလိမ့်မယ်။

လီဗာပူးအသင်းနဲ့ ကမ္ဘာကျော်ခဲ့တဲ့ ဖာနန်ဒို တောရက်စ်နဲ့ လူးဝစ် ဆွာရက်စ်တို့ရဲ့ နာမည်တွေ ပေါင်းစပ်ထားသလိုဖြစ်နေတဲ့ လူးဝစ် ဖာနန်ဒို ဒီယက်စ်ဟာ သူ့ရှေ့က တိုက်စစ်သမားတွေ ရခဲ့တဲ့ ချစ်ခြင်းတွေမျိုး လီဗာပူးပရိသတ်တွေထံက စတင်ရရှိနေပါပြီ။

ဒီယက်စ်ကို ထည့်သွင်းချိန်မှာ လီဗာပူးဟာ ချောက်ကမ်းပါး အစွန်းကို ရောက်နေခဲ့ပေမယ့် အခုတော့ ပါရီအိမ်မက်၊ ၇ ကြိမ်မြောက် ဥရောပဖလားကို စတင်အိမ်မက် မက်လို့ရပါပြီ။

လီဗာပူးအသင်းက ပထမအကျော့အပြီး ဖိုင်နယ်ကို ခြေတစ်ဖက် လှမ်းထားခဲ့ပြီလို့ ယုံကြည်ခံရတယ်။ အားလုံး ထင်ထားခဲ့တာက ဒုတိယအကျော့မှာ ဘယ်နှဂိုးနဲ့ အနိုင်ထပ်ရမလဲပေါ့။ ဒါပေမယ့် ပြိုင်ဘက်ကို သတိလက်လွတ် ဖြစ်မိခဲ့တယ်။ အမ်မရီက ဒုတိယအကျော့မှာ အန်ဖီးတုန်းက အပြတ်အသတ် အရေးနိမ့်ခဲ့တဲ့ ဗီလာရီးရဲလ်နဲ့ မတူတဲ့ အသင်းကို ပြသသွားမယ်လို့ ကတိပေးခဲ့တာပါ။ လီဗာပူးအသင်းကို စပိန်မြေမှာ ခံစားသွားရအောင် လုပ်ပြမယ်လို့ သူသတိပေးခဲ့ပါတယ်။

သူပြောတာ မှန်ခဲ့ပါတယ်။ မိုးတွေ တဖွဲဖွဲရွာပြီး ကျစ်လျစ်သိပ်သည်းတဲ့ ကွင်းသေးသေးလေးက ပထမအကျော့မှာ ၂-၀ အနိုင်ယူထားတဲ့ ကမ္ဘာအကောင်းဆုံးတွေ ပြည့်နေတဲ့ အသင်းကို တုန့်ပြန်ပြဖို့ ကြုံးဝါးအော်ဟစ်နေတာက တကယ်ကို လေးစားလောက်စရာပါ။ ကလော့ပ်ရဲ့ အသင်းဟာ အပြင်းထန်ဆုံး ဖိအားအောက်မှာ အံ့ဩမှင်သက်ခဲ့ရသလို လီဗာပူးပရိသတ်တွေ ကိုယ်တိုင်ကလည်း ဗီလာရီးရဲလ်ရဲ့ ရုန်းအားကို အထင်ကြီးမိခဲ့ကြပါတယ်။

ပထမပိုင်း သွင်းဂိုး ၂ ဂိုးနဲ့အတူ ဗီလာရီးရဲလ် ပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေကို ယုံကြည်ချက်အဖြစ် ပြောင်းလဲစေခဲ့တာပါ။ ဂျူဗင်တပ်၊ ဘိုင်ယန်မြူးနစ်တို့လိုပဲ လီဗာပူးကလည်း သူတို့ရဲ့ ရုန်းအားကို ဖြေရှင်းဖို့ အဖြေမရှိတော့သလို ဖြစ်ခဲ့တာပါ။ လွန်ခဲ့တဲ့ တစ်ပတ်တုန်းက အရမ်းကောင်းခဲ့တဲ့ လီဗာပူးက ဘာမှမဟုတ်တော့ပါဘူး။ အမှားအယွင်းတွေ၊ ခြေလှမ်မှားတွေ၊ နားလည်မှုလွဲခြင်းတွေနဲ့ အသင်းရဲ့ စွမ်းဆောင်ရည်က ပြုန်းတီးခဲ့ရပါတယ်။

ပထမပိုင်းအပြီးမှာ အသင်း လိုအပ်နေခဲ့တဲ့အရာကို ရခဲ့ပါတယ်။ ဒီယက်စ် ဝင်လာခဲ့ပြီးနောက်မှာ အရာအားလုံး ပြောင်းလဲသွားခဲ့တာပါ။ ဒါဟာ သူ့ရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒတွေကြောင့် ဖြစ်သလို လီဗာပူးအသင်းသားတွေရဲ့ မွန်းစတားတွေလို ခံနိုင်ရည် ပြည့်ဝလှတဲ့ စိတ်ဓါတ်ပိုင်း မာကျောမှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

လီဗာပူးဟာ ကွင်းထဲကို အားဖြည့်ဖို့ ဝင်ရောက်လာတဲ့ စူပါစတားအသစ်နဲ့အတူ လုံးဝ ပြောင်းလဲသွားခဲ့တဲ့ အသင်းတစ်သင်း ဖြစ်ခဲ့ပါတယ်။ ဒီယက်စ်ဟာ အာနိုးရဲ့ ဖြတ်တင်ဘောကနေ အနီးကပ် ခေါင်းတိုက်ချက်နဲ့အတူ ဒုတိယဂိုး သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် အဲ့မတိုင်ခင်မှာတောင် သူက လီဗာပူးကို အသာစီးရအောင် ကူညီပေးခဲ့ပြီး နောက်ခံလူတွေဆီ ပြေးကာ အန္တရာယ်တွေ ဖန်တီးခဲ့ပါတယ်။

၁၂ မိနစ်အတွင်း ၃ ဂိုးသွင်းယူခဲ့ပြီး ပထမပိုင်းတုန်းက ဆိုးရွား စုတ်ချာလှတဲ့ အခြေအနေကို ပြောင်းပြန်လှန်ပစ်ခဲ့တာပါ။ နှစ်ကျော့ပေါင်း ၃-၂ နဲ့ လီဗာပူးတို့ အောင်ပွဲခံနေခဲ့ချိန်မှာ ဗီလာရီးရဲလ်က သူတို့အခွင့်အရေးတွေ အဆုံးသတ်သွားပြီလို့ ခံစားခဲ့ရပါလိမ့်မယ်။ အဆုံးသတ်မှာ လီဗာပူးက အေးအေးဆေးဆေး ပြန်ဖြစ်သွားခဲ့ပြီး နောက်ဆုံး မိနစ် ၂၀ ကို ဘာမှမဖြစ်ခဲ့သလိုမျိုး ပျော်ပျော်ရွှင်ရွှင် ကစားနိုင်ခဲ့ပါတယ်။

စပိန်အရှေ့ကမ်းရိုးတန်းမှာ စိုစွတ်တဲ့ ရက်သတ္တပတ်ဖြစ်ခဲ့ပေမယ့် လီဗာပူးအသင်းရဲ့ စိတ်ဓာတ်ကိုတော့ မလျော့ပါးစေခဲ့ပါဘူး။ အဆုံးသတ်မှာ ၅ ရာသီအတွင်း ၃ ကြိမ်မြောက် ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ရောက်နိုင်ခြင်းနဲ့အတူ ကလော့ပ်ရဲ့ ကစားသမားတွေက အောင်ပွဲခံခဲ့ပြီး ပရိသတ်တွေကို ဂုဏ်ပြုခဲ့ကြပါတယ်။

အန်ဖီးကတော့ လာမယ့် စနေနေ့ ပရီးမီးယားလိဂ်မှာ စပါးကို ကြိုဆိုရတဲ့အခါ ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက် အသင်းရဲ့ ပရိသတ်တွေအဖြစ် ပြန်လည် ဦးမော့လာပါလိမ့်မယ်။ စပါးအသင်းက ကြီးမားတဲ ခြိမ်းခြောက်မှုတစ်ခု ပေးကောင်းပေးနိုင်ပေမယ့် လီဗာပူးရဲ့ ဖလားလေးလုံး မျှော်လင့်ချက်က ရှိနေတုန်းပါပဲ။ လီဗာပူးအသင်းဟာ မီးတောက်နေတဲ့ စိတ်ဆန္ဒတွေနဲ့ ပရီးမီးယားလိဂ်ဖလားအတွက် ယှဉ်ပြိုင်ဦးမှာပါပဲ။

စနေနေ့ လီဗာပူးရဲ့ ပွဲထွက်စာရင်းမှာ လူးဝစ် ဖာနန်ဒို ဒီယက်စ် မာရူလန်ဒါဆိုတဲ့ နာမည်ကို ကလော့ပ် ထည့်သွင်းပေးမှာကို အားလုံး မြင်လိုနေပြီဆိုတာ သေချာသလောက် ရှိနေပြီဖြစ်ပါတယ်။