UEFA ကို ဗြောင်တင် မေးခွန်းထုတ်ပြီး လီဗာပူးပရိသတ်တွေကို ဘယ်လိုနေနေ ပဲရစ်ကို ရအောင် လိုက်ခဲ့ကြ၊ အကောင်းဆုံး အားပေးမှုကို ဖော်ထုတ်ကြလို့ ကလော့ပ် နိုးဆော်

လီဗာပူးအသင်းဟာ ဒီရာသီရဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲကို မေလ ၂၉ ရက်နေ့ ပြင်သစ်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ဗိုလ်လုပွဲကွင်းဟာ မူလက ရုရှားနိုင်ငံ St Petersburg မှာ ယှဉ်ပြိုင်ရဖို့ ဖြစ်ပေမယ့် ယူကရိန်းကို ကျူးကျော်မှုကြောင့် နောက်ပိုင်း ကွင်းပြောင်းခဲ့ကာ ပဲရစ်ကို ရောက်သွားခဲ့တာပါ။ ကွင်းနှစ်ခုကြားမှာ ပဲရစ်ကွင်းက ပရိသတ် ၁၀၀၀၀ ဝန်းကျင် ပိုမို ဝင်ဆံ့မှာဖြစ်တယ်။ ဒါပေမယ့်လည်း ဗိုလ်လုပွဲကို တက်ရောက်နိုင်တဲ့ ကလပ်နှစ်သင်းဟာ ပိုမိုတဲ့ လက်မှတ်ခွဲတမ်းကို မရခဲ့ကြပါဘူး။

ယူအီးအက်ဖ်အေက ပရိသတ် ၇၅၀၀၀ ဆံ့တဲ့ ကွင်းရဲ့ လက်မှတ်ခွဲတမ်း ၂၀၀၀၀ ကိုပဲ လီဗာပူးပရိသတ်တွေကို ပေးမှာဖြစ်တယ်(တကယ်တမ်းက အဲ့ထက် နည်းပါတယ်)။ ရီးရဲလ်မက်ဒရစ်ကလည်း တူညီတဲ့ ခွဲတမ်းကိုပဲ ရမှာဖြစ်ကာ လက်မှတ် ၁၂၀၀၀ ကိုတော့ အများပြည်သူ ဝင်ကြည့်နိုင်ဖိ့ ရောင်းချမှာဖြစ်တယ်။

လက်မှတ်ခွဲတမ်းထဲက ကျန်ရှိတဲ့ ၂၄၀၀၀ နီးပါးကိုတော့ ယူအီးအက်ဖ်အေရဲ့ မိသားစုဝင်တွေနဲ့ စပွန်ဆာ အဖွဲ့တွေကို ပေးအပ်မှာဖြစ်ပါတယ်။ အခုဆိုရင် လက်မှတ်နှုန်းထားတွေကလည်း ပေါင် ၃၂၀၀ ကနေ ပေါင် ၁၅၅၀၀ ထိ မြင့်တက်လာခဲ့ပြီဖြစ်လို့ အတော်လေးကို ဈေးများတဲ့ အခြေအနေကို ရောက်ရှိလာပါပြီ။

ဘောလုံးအားကစားမှာ ကစားသမားတွေအတွက်၊ ပရိသတ်တွေအတွက် မကြည့်ပေးတာဆိုရင် မနေတတ်တဲ့ ကလော့ပ်ကတော့ ယူအီးအက်ဖ်အေရဲ့ လုပ်ပေါက်တွေကို ဒဲ့တိုး ဝေဖန်ခဲ့တယ်။

ယာဂင်က “ လက်မှတ်ဈေးတွေကို အားလုံးလည်း မြင်နေတာပဲ။ ကိုယ်အသင်းအတွက်ကော လက်မှတ်တွေ ဘယ်လောက်ပဲရထားလဲ။ ပရိသတ်ပေါင်း ၇၅၀၀၀ ဆံ့တဲ့ ကွင်းမှာ ကျနော်တို့အတွက် လက်မှတ်က ၂၀၀၀၀၊ မက်ဒရစ်အတွက်လည်း ၂၀၀၀၀ ပဲဆိုတော့ ကျန်တဲ့ လက်မှတ် ၃၅၀၀၀ က ဘယ်ရောက်သွားလဲ? အဲ့လက်မှတ်တွေကလည်း သိပ်ဈေးကြီးနေပါတယ်။

ပရိသတ်တွေ လုပ်ပေးတာတွေအတွက် ကျေးဇူးတင်ပါတယ် ဆိုတာထက် ပိုပြီး ကျနော် ဘာတစ်ခုမှ မလုပ်ပေးနိုင်တော့ပါဘူး။ ပရိသတ်တွေက ဒီလက်မှတ်ကိစ္စတွေ ပြောနေကြတယ်ဆိုတာ သူတို့အတွက် ကြီးမားတဲ့ကိစ္စ ဖြစ်နေလို့ပါ။ နောက်ပြီး သူတို့တွေ ခက်ခဲနေတယ်ဆိုတာ ကျနော်တို့ရဲ့ ဒီခရီးအတွက် ကိစ္စဆိုးပါပဲ။

ပရိသတ်တွေ အဆင်ပြေပြီး ကောင်းမွန်တဲ့ အားပေးမှုကို ဖန်တီးနိုင်ဖို့ကို ကျနော် တကယ်မျှော်လင့်ပါတယ်။ အဲ့တာက သိပ်ကောင်းမှာပါ။ ဒီတော့ ပရိသတ်တွေ အနေနဲ့ လက်မှတ် မရရင်တောင်မှ ပဲရစ်ဟာ လက်မှတ်မရှိသူတွေအတွက်လည်း အချိန်ကောင်းဖြစ်ဖို့ လုံလောက်အောင် ကြီးမားတဲ့မြို့လို့ ထင်ပါတယ်။ ကောင်းကောင်းမွန်မွန် အားပေးပြီး အကောင်းဆုံး ခံစားချက်တွေ လုပ်ကြမယ်ဆိုရင် ကောင်းပါလိမ့်မယ်။

ပဲရစ်ကို မသွားနိုင်ရင် ဒီမှာနေပြီး ကောင်းမွန်တဲ့ အသိုင်းအဝိုင်းနဲ့ ပွဲကို ကြည့်ကြပါ။ ဒါပေမယ့် ကျနော်ကတော့ ဒီပွဲမှာ အနီရောင်နဲ့ အဖြူရောင်တွေ လွှမ်းခြုံနေတာကို မြင်ရတာ နှစ်သက်ပါလိမ့်မယ်။ ဒါပေမယ့် ကွင်းထဲကို ဝင်လာနိုင်ဖို့က ခက်ခဲပါတယ်။ ပရိသတ်တွေကို ရိုးရိုးသားသား ကျေးဇူးတင်ပါတယ်။

ပရိသတ်တွေက သိပ်ကောင်းအောင် လုပ်ပေးကြပါတယ်။ ကျနော်တို့ ဘယ်နေရာပဲ ရောက်ရောက် သူတို့က ကျနော်တို့ အိမ်ကွင်းလိုဖြစ်အောင် လုပ်ပေးကြတယ်။ ဒီရာသီ ချန်ပီယံလိဂ်မှာ ကျနေ်ာတို့က အဝေးကွင်းပွဲ အားလုံးကို အနိုင်ရခဲ့တယ်ဆိုတာ ပရိသတ်တွေရဲ့ ဘယ်နေရာရောက်ရောက် မယုံနိုင်စရာ အားပေးကြလို့ပါပဲ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။