မန်စီးတီး ချန်ပီယံလိဂ်က ထွက်ရခြင်းနဲ့ ဗိုလ်လုပွဲမှာ ရီးရဲလ်နဲ့တွေ့ခြင်းအတွက် သူ့ရဲ့ အမြင်ကို ကလော့ပ် ထုတ်ပြော

စပါးနဲ့ပွဲကြိုမှာ ချန်ပီယံလိဂ်ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နဲ့ ပြိုင်ပွဲက ထွက်ခွာခဲ့ရတဲ့ မန်စီးတီးအသင်း အခြေအနေတွေအတွက် သတင်းထောက်တွေရဲ့ မေးမြန်းမှုတွေအား ကောလ့ပ်က သူ့ရဲ့ ထင်မြင်ချက်တွေနဲ့ အခုလို တုန့်ပြန်သွားပါတယ်။

ချန်ပီယံလိဂ်ကနေ စီးတီးတို့ ထွက်ရတာ ပရီးမီးယားလိဂ်အပေါ် သက်ရောက်မလား

ယာဂင်ကလော့ပ် – မန်စီးတီးက အသင်းကောင်းပါ။ အခုလို ချန်ပီယံလိဂ်ကနေ ထွက်ရတာက သူတို့အတွက် အထိနာတာပေါ့။ ဒါက တကယ့်အကြမ်းကြီးပဲ။ သူတို့လို ညမျိုးတွေ ကျနော်လည်း ပိုင်ဆိုင်ခဲ့ဖူးပါတယ်။ သိပ်မကောင်းဘူးပေါ့ဗျာ။ နောက်တစ်ရက် မနက်မှာလည်း ခံစားချက် မကောင်းဘူး။ ဒါပေမယ့် ဒီခြေအနေမှာ အာရုံစိုက်ဖို့ လိုပါတယ်။ တနင်္ဂနွေနေ့ နယူးကာဆယ်ပွဲအတွက် သူတို့ အဆင်သင့်ဖြစ်နေမှာပါ။

ချန်ပီယံလိဂ်ဖိုင်နယ်မှာ ရီးရဲလ်နဲ့ ထိပ်တိုက်တွေ့မှုအပေါ်

ယာဂင်ကလော့ပ် – ဗိုလ်လုပွဲမှာ သူတို့ကို အရေးနိမ့်ခဲ့တုန်းက ကျနော်ရဲ့ ဖြေရှင်းနည်းက နောက်ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရီးရဲလ်နဲ့ ထပ်ပြီး ရင်ဆိုင်ရဖို့ပဲ။ ဒါပေမယ့် မက်ဒရစ်မှာ စပါးနဲ့ ကစားခဲ့ရတယ်။ မက်ဒရစ်နဲ့ ထပ်ပြီး ဆုံရဖို့ ဖြစ်လာတာက ကံကြမ္မာပါပဲ။

မန်စီးတီးကို ရီးရဲလ်တို့ အနိုင်ယူခဲ့မှုအပေါ်

ယာဂင်ကလော့ပ် – အဲ့တာက ထူးဆန်းပါတယ်။ မန်စီးတီးအတွက် ကံမကောင်းတာဆိုပေမယ့် မက်ဒရစ်ကလည်း သိပ်ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ သူတို့က ပီအက်စ်ဂျီ၊ ချယ်ဆီးနဲ့ စီးတီးတို့ကို ကျော်ဖြတ်လာတာပါ။ ဒီသုံးသင်းကို အနိုင်ယူခဲ့ပြီဆိုတည်းက သူတို့ ဗိုလ်လုပွဲ တက်နိုင်ဖို့ ထိုက်တန်ပါတယ်။

ဗိုလ်လုပွဲအတွက် မှတ်ချက်

ယာဂင်ကလော့ပ် – ဗိုလ်လုပွဲကို ရောက်လာပြီး ကြိုးစားရမှာအတွက် ပျော်ပါတယ်။ ဒါပေမယ့် အဲ့မတိုင်ခင် ပွဲတွေ အများကြီး ကစားရဦးမှာပါ။ ဒီတော့ အခုကစပြီး ရီးရဲလ်မက်ဒရစ်နဲ့ မေးခွန်းတွေကို ရပ်နိုင်ပါပြီ။ ကာလို လုပ်ခဲ့တာတွေက မယုံနိုင်စရာပါပဲ။ ကျနော်တို့က မေလ ၂၂ ရက်ကနေ ၂၈ ရက်ကြားမှာ ဗိုလ်လုပွဲအတွက် ကြိုးစားပါမယ်။ အဲ့မတိုင်ခင်တော့ အဲ့ဘက်ကို အာရုံစိုက်ဦးမှာ မဟုတ်ပါဘူး။