အနာဂတ်မှာ လီဗာပူးရဲ့ ဂန္တဝင် ကျောနံပါတ်ကို ဆက်ခံလိုကြောင်း အရိပ်အမြွက် ပြောလာတဲ့ ဟာဗေး

ဟာဗေး အယ်လီးယော့ သူ့ရဲ့ လက်ရှိ ကျောနံပါတ် ရွေးချယ်မှုဟာ နံပါတ် ၇ ကို သဘောကျခြင်းကြောင့်လို့ ဖွင့်ဟခဲ့သလို လီဗာပူးအသင်းရဲ့ ဂန္တဝင် နံပါတ်ကို ဝတ်ဆင်ရဖို့က လူတိုင်းရဲ့ အိမ်မက်ဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။

အယ်လီးယော့ဟာ ဆယ်ကျော်သက်ကစားသမားအဖြစ် ၂၀၁၉ တုန်းက ပေါင် ၄.၃ သန်းနဲ့ ဖူလ်ဟမ်ကနေ ပြောင်းရွှေ့လာခဲ့ပြီး အခုဘောလုံးရာသီက လီဗာပူးနဲ့ ၃ ရာသီမြောက်ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ သူဟာ လီဗာပူးအသင်းရဲ့ အနာဂတ် အကောင်းဆုံး ကြယ်ပွင့်ဖြစ်ကာ ရာသီစက အခြေအနေဆိုးတွေကြောင့် မြက်ခင်းပြင်နဲ့ ဝေးကွာနေခဲ့တယ်။

လိဒ်ယူနိုက်တက်ကို ရင်ဆိုင်စဉ်က ရရှိခဲ့တဲ့ ပြင်းထန်တဲ့ ခြေကျင်းဝတ် ဒဏ်ရာကြောင့် ပွဲကစားချိန်တွေ ကန့်သတ်ခံခဲ့ရသူဖြစ်တယ်။ ဒါပေမယ့် လီဗာပူးအသင်းက အခုကနေ မေလအထိ နောက်ထပ် ဆုဖလား ၃ လုံး ကြိုးပမ်းဖို့ ရှိနေသေးတာနဲ့အတူ ဒီရာသီမှာ စီနီယာအသင်းအတွက် ၁၀ ပွဲ ကစားပေး အသက် ၁၉ နှစ်အရွယ် ကစားသမားဟာ ပွဲကစားခွင့်တွေ ရလာနိုင်ပါသေးတယ်။

၂၀၂၂-၂၃ ရာသီမှာတော့ လီဗာပူးစီနီယာလူစာရင်းအတွင်း ကြီးမားတဲ့ အရှိန်အဟုန်နဲ့ ဝင်ရောက်လာမယ့် အယ်လီးယော့ဟာ ဂန္တဝင်နံပါတ်တစ်ခုကို ဆက်ခံသွားမလား စောင့်ကြည့်ရဦးမှာပါ။

“ ကျွန်တော် ကလေးဘဝတုန်းက နံပါတ် ၇ ဝတ်ခဲ့တဲ့ ကစားသမားတွေကို ကြိုက်တတ်ပါတယ်။ လူးဝစ် ဆွာရက်စ်တို့လိုပေါ့။ ကျွန်တော့် နောက်ကျောမှာလည်း နံပါတ် ၇ ကို ဝတ်နေကျပါ။ ဒါပေမယ့် ငယ်သေးတဲ့အရွယ်မှာ အသင်းနဲ့ စာချုပ်ချုပ်ရတော့ နံပါတ် အသေးတွေကို ရွေးချယ်လို့ မရပါဘူး။

လီဗာပူးအသင်းမှာ နံပါတ် ၇ ပါတဲ့ ရွေးချယ်စရာက နံပါတ် ၆၇ ပဲ ရှိခဲ့တာပါ။ အဲ့တော့ ၆၇ ကိုပဲ ရွေးလိုက်ရတာပေါ့။ ကျွန်တော်က ညာတောင်ပံမှာ ကစားခဲ့ရတာဖြစ်ပြီး ထရန့်က နံပါတ် ၆၆၊ ကျွန်တော်က ၆၇ ဆိုတော့ မိုက်တယ်လို့ ထင်ခဲ့ပါတယ်။ ဒီနံပါတ်ဝတ်တဲ့လူ အများကြီး မရှိပါဘူး။ ဒီလိုမျိုး ထူးခြားတဲ့သူဖြစ်ရတာ ကောင်းပါတယ်”လို့ အယ်လီးယော့က ဆိုပါတယ်။

လက်ရှိမှာ အဲလီယော့က နံပါတ် ၆၇ ဝတ်ဆင်နေတာဖြစ်ပြီး သူများနဲ့မတူတာ ကောင်းတယ်လို့ ပြောဆိုခဲ့ပေမယ့် အနာဂတ်မှာ အပြောင်းအလဲလုပ်နိုင်ကြောင်း ဝန်န်ခံခဲ့ပါတယ်။ ထရန့်က ကျောနံပါတ် ၆၆ ကိုပဲ ဆက်ဝတ်ပြီး ဂန္တဝင်တွင်စေဖို့ ရည်မှန်းထားသလိုမျိုး သူကော အနာဂတ်မှာ နံပါတ် ၆၇ ကိုပဲ ဆက်ဝတ်သွားမှာလားလို့ မေးမြန်းခဲ့ရာ အယ်လီးယော့က

“ ဘယ်သူသိမှာလဲ။ တကယ်လို့ ကြီးမားတဲ့ နံပါတ် တစ်ခုခု ရနိုင်မယ်ဆိုရင်တော့ အသင်းရဲ့ ဂန္တဝင်နံပါတ်ကို ဝတ်ဆင်ရဖို့က လူတိုင်းရဲ့ အိမ်မက်ပဲလို့ ထင်ပါတယ် ” လို့ ရှင်းပြခဲ့ပါတယ်။

ကျောနံပါတ် ၇ ဟာ လီဗာပူးသမိုင်းမှာ နံပါတ် ၈၊ နံပါတ် ၉ နဲ့ နံပါတ် ၁၀ တွေလိုပဲ အရေးပါတဲ့ အမှတ်အသားဖြစ်ခဲ့ပါတယ်။ လီဗာပူးရဲ့ ထာဝရ ဂန္တဝင်တွေထဲက တစ်ဦးဖြစ်တဲ့ ဆာကင်နီ ဒဲဂလစ်ချ်ဟာ အနီရောင် ကျောနံပါတ် ၇ နဲ့အတူ ဟုန်းဟုန်းတောက်ခဲ့တာပါ။

ဒါ့အပြင် ဆွာရက်ဇ်၊ ကယ်ဗင်ကီးဂန်း၊ အီယန် ကာလာဂန်၊ ပီတာ ဘီအက်စလေ၊ စတိဗ် မက်မန်နာမန်း၊ ဟယ်ရီ ကီးဝဲလ်တို့လည်း ဝတ်ဆင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဂျိမ်းစ်လ်မီနာက လက်ရှိ ဒီနံပါတ်ကို ရယူထားတာဖြစ်ပြီး လက်ထောက် အသင်းခေါင်းဆောင်ဟာ အသင်းမှာ ဆက်ရှိနေဖို့ မသေချာသေးတာဖြစ်ပါတယ်။