လီဗာပူးနဲ့ ဗိုလ်လုပွဲမှာ ကျန်နေသေးတဲ့ အကြွေးကို ဆပ်မယ်ဆိုတဲ့ ရီးရဲလ် တိုက်စစ်သမား ရိုဒရီဂို

ရီးရဲလ်မက်ဒရစ်အသင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရောက်နိုင်မှုမှာ အဓိကကျခဲ့တဲ့ ရိုဒရီဂိုကတော့ လီဗာပူးကို ရင်ဆိုင်ရမယ့်ပွဲမှာ ကြွေးကျန် ၁ ဂိုးကို သွင်းယူမယ်လို့ ပြောဆိုပါတယ်။

ဒီရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲတွေအတွင်း ၁၀ ပွဲကစားထားတဲ့ ရိုဒရီဂိုဟာ ကိုယ်တိုင် ၅ ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု ၂ ကြိမ် လုပ်ထားနိုင်တာဖြစ်တယ်။ အဆိုပါပွဲတွေအတွင်း သူက ၄ ပွဲမှာပဲ ပွဲထွက်လူစာရင်းက ပါဝင်ခွင့်ရထားတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် တိုက်စစ်သမား ရိုဒရီဂိုက ” ကျနော် အဖေနဲ့ အလောင်းအစားတစ်ခု လုပ်ထားခဲ့တယ်။ မန်စီးတီးပွဲမှာ ၃ ဂိုး သွင်းမယ်လို့ပေါ့။ ကျနော် ၂ ဂိုးပဲ သွင်းနိုင်ခဲ့ပါတယ်။ ၁ ဂိုး လိုသွားခဲ့တယ်။ အဲ့ဂိုးကို ဗိုလ်လုပွဲမှာ သွင်းပါမယ် ” လို့ ပြောခဲ့တာဖြစ်တယ်။

အသက် ၂၁ နှစ်အရွယ် တိုက်စစ်သမား ရိုဒရီဂိုက ရီးရဲလ်မက်ဒရစ် ဂျာစီကို ဝတ်ဆင်ထားတာက သူ့ကို ယုံကြည်မှုတွေ တိုးပွားစေတယ်လို့ ထပ်လောင်း ပြောဆိုတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ဆိုရင် ဘာမဆိုဖြစ်နိုင်တယ်လို့ သူကဆိုပြီး သူ့ရဲ့ ယုံကြည်မှုတွေကို ဖွင့်ပြောပါသေးတယ်။

” ဒီဂျာစီနဲ့ဆိုရင် ဘာမဆိုဖြစ်နိုင်တယ်။ ကျနော်တို့ အဆုံးထိ တိုက်ခိုက်နိုင်တယ်။ တကယ်တမ်းတော့ ဖြစ်ခဲ့တာတွေအတွက် ဖော်ပြစရာ စကားလုံးတောင် မရှိပါဘူး။ ကျနော်တို့က ဆုံးရှုံးလုဖြစ်နေပြီး ဘုရားသခင် ကူညီပေးခဲ့တာပါ။ ဒါက ကျနော်ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ အကောင်းဆုံး နေ့တွေထဲက တစ်ရက်ပါပဲ။ ပရိသတ်တွေကလည်း အမြဲတမ်း အကူအညီဖြစ်ပါတယ် ” လို့ ရိုဒရီဂိုက ထပ်ပြောခဲ့တာဖြစ်တယ်။

ရီးရဲလ်မက်ဒရစ်က လာလီဂါချန်ပီယံဖြစ်ခဲ့ပေမယ့် လီဗာပူးအသင်းကတော့ ရာသီကုန်ထိ အမှတ်ပေးပွဲတွေမှာ အားထုတ်ရဦးမှာက သူတို့အသင်းအတွက် အားသာချက်လို့ ဂိုးသမား ကော်တွိုက်စ်က မြင်ထားတယ်။

ကော်တွိုက်စ်က “ ကျနော်တို့အတွက် ကိစ္စကောင်းက ဘာအတွက်မှ ဆက်ကစားဖို့ မလိုတော့ပါဘူး။ ကျန်တဲ့ပွဲတွေမှာ ကောင်းကောင်း အနားယူလို့ ရပါပြီ။ လီဗာပူးကတော့ ပရီးမီးယားလိဂ်ပွဲတွေကို ဆက်ကစားရမှာဖြစ်လို့ သူတို့အတွက် ခက်ခဲသွားပါလိမ့်မယ် ” လို့ ဆိုခဲ့သေးတာဖြစ်တယ်။

ဒီလ မေလ ၂၉ ရက်နေ့မှာ လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်တို့ ထိပ်တိုက်တွေ့နေပြီး လီဗာပူးအသင်းသားတွေကလည်း ၂၀၁၈ တုန်းက ကဗ်ဗိုလ်လုပွဲ အကြွေးကို ဒီပွဲမှာ ဆပ်ဖို့ ဆန္ဒပြင်းပြနေတာပဲဖြစ်ပါတယ်။