စီးရီးအေကလပ် အေစီမီလန်ကို ယူရို ၁ ဘီလျံနဲ့ ဝယ်ယူဖို့ ကြိုးစားနေတဲ့ FSG ရင်းနှီးမြုပ်နှံသူများ

လီဗာပူးအသင်း ပိုင်ရှင်တွေဖြစ်တဲ့ FSG အဖွဲ့ရဲ့ ရှယ်ယာ ၁၁% ကို ပိုင်ဆိုင်ထားတဲ့ RedBird Capital အဖွဲ့ဟာ စီးရီးအေကလပ် အေစီမီလန်ကို ယူရို ၁ ဘီလျံနဲ့ ဝယ်ယူဖို့ ကြိုးစားနေပြီလို့ စကိုင်းသတင်းဌာနက ဖော်ပြပါတယ်။

RedBird အဖွဲ့ဟာ အေစီမီလန်အသင်း ပိုင်ရှင်တွေဖြစ်တဲ့ Elliott Management အဖွဲ့ထံ ကလပ်ကို ဝယ်ယူရေးအတွက် ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ စီးရီအေကလပ်ရဲ့ ပိုင်ရှင်တွေကတော့ သူတို့အသင်းကို ဘယ်အဖွဲ့ထံ ရောင်းချမလဲဆိုတာကို စဉ်းစားနေဆဲ ဖြစ်ပါတယ်။

RedBird Capital Partners အဖွဲ့ဟာ မနှစ်ကပဲ လီဗာပူးအသင်းကို အလုံးစုံ ပိုင်ဆိုင်ထားတဲ့ အမေရိကန်အဖွဲ့ FSG လုပ်ငန်းစုထဲကို ဒေါ်လာ သန်း ၇၅၀ တန်ဖိုးရှိ ရင်းနှီးမြုပ်နှံမှု ဝင်ခဲ့တာဖြစ်တယ်။ ၎င်းတို့ဟာ လီဗာပူးအသင်း အပါအဝင် FSG ရဲ့ တန်ဖိုးကို ပေါင် ၅.၃၂ ဘီယျံအဖြစ် တွက်ချက်ကာ ရှယ်ယာစုစုပေါင်းရဲ့ ၁၁% အတွက် ရင်းနှီးမြုပ်နှံမှု ဝင်ခဲ့တာဖြစ်တယ်။

ကိုဗစ်ကပ်ဘေးမှာ ဘဏ္ဍာရေးကြီးကြီးမားမား ထိခိုက်ခဲ့တဲ့ FSG က ရင်းနှီးမြုပ်နှံမှုကို လက်ခံပြီး သူတို့ရဲ့ အင်ပါယာကို ပိုမို တိုးချဲ့ဖို့ ရယ်ရွယ်ခဲ့တာဖြစ်တယ်။ ဒီအခြေအနေထိ သွားနေတဲ့ ပုံစံအရ RedBird ဘက်က လီဗာပူးအသင်း ရှယ်ယာတစ်စုကို တိုက်ရိုက် ပိုင်ဆိုင်တာမျိုးတော့ မဟုတ်ဘဲ FSG ရဲ့ ရှယ်ယာတွေ အားလုံးထဲကမှ ၁၀% ကို ပိုင်ဆိုင်တာမျိုး ဖြစ်ပါတယ်။ လီဗာပူးအသင်းကို အုပ်ချုပ်စီမံမှုကိုတော့ FSG ကပဲ ကိုင်တွယ်နေတယ်။

အမေရိကန်အဖွဲ့ RedBird ကို ထိပ်တန်းအားကစားဆိုင်ရာ အကောင်းဆုံး ရင်းနှီးမြုပ်နှံသူတွေလို့ ညွှန်းဆိုကြပြီး ရည်ရွယ်ချက်ကြီးမားတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ၎င်းတို့ဟာ လီဗာပူးအသင်းပိုင်ရှင်တွေဖြစ်တဲ့ FSG နဲ့ လက်တွဲကာ တိုးတက်မှုတွေကို ဖန်တီးနေသလို အမေရိကန်၊ အိန္ဒိယနဲ့ ဥရောပတွေမှာ အားကစားပိုင်း နယ်ပယ်တွေကို ဖြန့်ကျက်လာနေတာပါ။

လက်တလောမှာတော့ အေစီမီလန်ကို RedBird က ဝယ်ယူနိုင်မလား မသေချာသေးသလို သူတို့ ဝယ်ယူနိုင်မယ်ဆိုရင် လီဗာပူးနဲ့ အေစီမီလန်ကြား ဆက်နွယ်မှုတွေ ရှိလာမလား မသေချာသေးပါဘူး။

ဒါပေမယ့်လို့ RedBird က FSG ရဲ့ ရှယ်ယာတွေကို ဝယ်ယူထားတာကြောင့် သူတို့နှစ်ဖွဲ့က လက်တွဲလုပ်ဆောင်နေပြီး အရောင်းအဝယ် အောင်မြင်ခဲ့ရင် အနာဂတ်မှာ လီဗာပူးအသင်းနဲ့ အေစီမီလန်ကြား အပြောင်းအရွှေ့ ညိနှိုင်းမှုတွေ၊ ရာသီကြိုတွေကို ပူးပေါင်းခြင်းတွေ ရှိလာမယ်လို့ တွက်ဆနေကြပြီ ဖြစ်ပါတယ်။

RedBird အဖွဲ့ဟာ ပြင်သစ်ကလပ် တူးလော့အသင်းကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပြီး လာမယ့်ရာသီမှာတော့ လီဂူးဝမ်းထံ တန်းတက် ကစားတော့မှာဖြစ်ပါတယ်။