ဗိုလ်လုပွဲ တက်နိုင်ပြီမို့ အသင်းရဲ့ ခြေစွမ်းကို ခွင့်လွှတ်ကြမယ်လို့ ယုံကြည်နေတဲ့ ထရန့်

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် ဗီလာရီးရဲလ်ကို ၃-၂ နဲ့ အနိုင်ရပြီးတဲ့နောက် လီဗာပူးအသင်းဟာ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။

ဒီပွဲမှာ လီဗာပူးအသင်းဟာ အိမ်ရှင်အသင်းကို ဦးဆောင်ဂိုး ၂ ဂိုးထိ ခွင့်ပြုခဲ့ပြီးမှ ဒုတိယပိုင်း ခြေစွမ်းတွေနဲ့ ပွဲကို ပြန်လာနိုင်ခဲ့တာဖြစ်တယ်။ အဖွင့်ဂိုး ရယူနိုင်ခြင်းကြောင့် ဗီလာရီးရဲလ်က ကစားချင်သလို ကစားနိုင်ခဲ့ပေမယ့် အသင်းကတော့ ရုန်းကန်ခဲ့ရတာကို ထရန့်က ဝန်ခံခဲ့ပါတယ်။

ထရန့်က ” ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ကျနော်တို့ ခပ်လွယ်လွယ် ယှဉ်ပြိုင်လေ့ မရှိပါဘူး။ ရိုးမားကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်တာ၊ ဘာစီလိုနာကို အိမ်ကွင်းမှာ ယှဉ်ပြိုင်တာနဲ့ အခု ဗီလာရီးရဲလ်ကို ယှဉ်ပြိုင်တာတွေပေါ့။

အဲ့တာတွေက အရမ်းခက်ပါတယ်။ ပထမပိုင်းမှာ ဗီလာရီးရဲလ် ကစားတာ သိပ်ကောင်းခဲ့ပြီး ဒုတိယပိုင်းမှာ ကျနော်တို့တွေ ပွဲကို ပြန်ပြီး စုဖွဲ့ခဲ့ရတယ်။ ပွဲမှာ ကိုယ်လုပ်စရာရှိတာကို လုပ်ခဲ့ပါတယ်။

ပထမပိုင်းက ကျနော်တို့အတွက် ခက်ခဲပါတယ်။ ဒါပေမယ့် တခါတလေတော့ ပွဲတွေက ကိုယ်ထိန်းချုပ်လိုသလို ဖြစ်မလာတာတွေ ရှိပါတယ်။ သူတို့ ပွဲစတင်ပုံ သိပ်ကောင်းခဲ့ပြီး ခပ်စောစော ဂိုးသွင်းနိုင်ခဲ့တယ်။ သူတို့ ကစားချင်သလို ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ ပွဲကို အကောင်းဆုံး ကစားနိုင်ခဲ့ပြီး ဗိုလ်လုပွဲအတွက် လက်မှတ်ကို ရယူနိုင်ခဲ့ပါပြီ ” လို့ မှတ်ချက်ပေးပါတယ်။

ပထမပိုင်းမှာ ဆိုးရွားခဲ့ပေမယ့် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီဖြစ်လို့ ခြေစွမ်းအပေါ် ခွင့်လွှတ်နိုင်ကြမယ်လို့ ထရန့်က ယုံကြည်ပါတယ်။

ဒုတိယပိုင်း ခြေစွမ်းအတွက် ဖြေရာမှာတော့ ” ကျနော်တို့ ကိုယ်ကစားချင်တဲ့အတိုင်း ကစားနိုင်ဖို့ လိုခဲ့ပါတယ်။ ပထမပိုင်းမှာ ဘောလုံး မကစားနိုင်ခဲ့သလို ဘောလုံးတွေလည်း ပြိုင်မယူနိုင်ခဲ့ဘူး။ ဗီလာရီးရဲလ်ဘက်က ကစားချင်သလို ကစားတာကို ခွင့်ပြုနေခဲ့ရတယ်။

ဒုတိယပိုင်းမှာတော့ ကျနော်တို့ ကစားချင်သလို ကစားနိုင်ခဲ့ပြီး ပွဲကို ပိုကောင်းကောင်း ထိန်းချုပ်နိုင်ခ့တယ်။ ဗိုလ်လုပွဲ ရောက်ခဲ့ပြီဆိုတော့ တစ်ပိုင်း ကစားပုံ မကောင်းခဲ့တာကို ခွင့်လွှတ်နိုင်ကြမှာပါ ” လို့ ဆိုခဲ့တာပဲ ဖြစ်ပါတယ်။