ဂိုးပြတ် ရှုံးနေမှုကနေ ပြန်လာနိုင်ဖို့ နည်းပြကလော့ပ်ရဲ့ တွန်းအားပေး စကားတွေကို ဗန်ဒိုက် ပြောပြ

ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့အပြီးမှာ ရင့်ကျက်တဲ့ ခြေစွမ်းတွေကပဲ လီဗာပူးအသင်း ရလဒ်ဆိုးကနေ ကယ်ထုတ်နိုင်ခဲ့တာပါလို့ ဗန်ဒိုက်က ပြောဆိုခဲ့ပါတယ်။

ဗန်ဒိုက်ကတော့ ဗီလာရီးရဲလ်ပွဲ ပထမပိုင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကို အမြန်ဆုံး မေ့ဖျောက်ဖို့ လိုအပ်တယ်လို့ အသင်းဖော်တွေကို သတိပေးလိုက်ပြီ ဒုတိယပိုင်းမှာ ဗိုလ်လုပွဲ တက်ရောက်လိုစိတ်နဲ့ အားထုတ်နိုင်ခဲ့မှုတွေကို ခံစစ်မှူးက ကျေနပ်နေပါတယ်။

ဗန်ဒိုက်ကပဲ ” ပြင်းထန်တဲ့ အားထုတ်မှုပါပဲ။ ပထမပိုင်း ရလဒ်ကတော့ ကျနော်တို့တွေ ဖြစ်နိုင်သလောက် အမြန်ဆုံး မေ့ရမယ့် ရလဒ်ပါပဲ။ ဘောလုံးကို တိုက်ခိုက်လိုစိတ် အပြည့်နဲ့ ရယူနိုင်မှုမှာ ကျနော်တို့တွေ မလုံလောက်ခဲ့ဘူး။ ဂိုး စောစော ပေးလိုက်ရတာလည်း အကူအညီ မဖြစ်ပါဘူး။

ကျနော်တို့ သိပ်သိပ်သဲသဲ ကစားခဲ့ရပြီး ရင့်ကျက်စွာ ကစားခဲ့တယ်။ ဒုတိယပိုင်း ကျနော်တို့ ကစားပုံက သိပ်ကောင်းပါတယ်။ ဘောလုံးမရှိချိန်မှာ တတ်နိုင်သလောက် အမြန်ဆုံး ရယူနိုင်ခဲ့တယ်။ ပြေးလွှားမှုတွေနဲ့အတူ ဖိအားပေးဖို့က ခက်ခဲခဲ့ပါတယ်။ ဒုတိယပိုင်း ခြေစွမ်းအရ အနိုင်ရတာက ထိုက်တန်ပါတယ်။ ပထမပိုင်းကတော့ အဲ့လို မဟုတ်ခဲ့ပါဘူး ” လို့ ဝန်ခံခဲ့တာဖြစ်တယ်။

ဒုတိယပိုင်း မစခင်မှာ နည်းပြ ကလော့ပ်က အသင်းသားတွေကို လီဗာပူးအသင်းရဲ့ ကစားဟန်ကို ပြသဖို့ မှာခဲ့တယ်လို့ ဗန်ဒိုက်က ပြောဆိုခဲ့တယ်။ ဘောလုံးရာသီရဲ့ အဆိုးဆုံး ပထမပိုင်းကို ကစားခဲ့တဲ့ လီဗာပူးဟာ ဒုတိယပိုင်းမှာတော့ ပုံမှန် ခြေစွမ်းကောင်းတွေ ပြန်ပြီး ပြသနိုင်ခဲ့ပါတယ်။

ပထမပိုင်းအပြီး အဝတ်လဲခန်းမှာ ကလော့ပ်က ဘာတွေပြောခဲ့လဲ ဆိုတာအတွက် ဗန်ဒိုက်က ” နည်းပြက ဘောလုံးကစားဖို့၊ ဒီရာသီ တစ်ခုလုံးမှာ ကျနော်တို့ ကစားနေခဲ့သလို လီဗာပူးနည်းလမ်းနဲ့ ကစားဖို့ မှာခဲ့ပါတယ်။

သူတို့ကလည်း ခံစစ်ကို high line ကစားနေတာမို့ ကျနော်တို့ မြန်နှုန်းနဲ့ ပေါင်းစပ် ကစားနိုင်ဖို့ လိုခဲ့တယ်။ ဗိုလ်လုပွဲကို သွားဖို့ ကျနော်တို့ ဘယ်လောက်တောင် ဆန္ဒရှိလဲ ပြသဖို့ လိုခဲ့တယ်။ ဒုတိယပိုင်းမှာ လွှမ်းမိုး ကစားနိုင်ခဲ့ပါတယ် ” လို့ ပြောပြခဲ့တာဖြစ်ပါတယ်။