ပဲရစ်မြို့မှာ ဘယ်အသင်းနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားရမလဲ သိရဖို့ စောင့်နေပြီဖြစ်တဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ လာလီဂါကလပ် ဗီလာရီးရဲလ်အသင်းကို ၃-၂ နဲ့ အနိုင်ယူပြီး နှစ်ကျော့ပေါင်း ၅-၂ ဆိုတဲ့ ရလဒ်နဲ့အတူ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်ခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးအတွက် သွင်းဂိုးတွေကို ဖာဘင်ညို၊ ဒီယက်စ်၊ မာနေးတို့က သွင်းယူခဲ့တာဖြစ်ပြီး ဗီလာရီးရဲလ်ရဲ့ ဦးဆောင်ဂိုး ၂ ဂိုးကြောင့် နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်တယ်။ ဒီပွဲမှာ လီဗာပူးအသင်းဟာ ယုံကြည်မှု လွန်ကဲခြင်းရဲ့ အမှားတွေကြောင့် ခက်ခဲစွာ ကစားခဲ့ရသလို စိတ်ဓါတ်ပိုင်း မာကျောမှုကို ပြသနိုင်ခြင်းကြောင့် နိုင်ပွဲကို ပြန်ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ပွဲထွက်လူစာရင်းမှာ အဓိက ကစားသမားတွေကို ထုတ်သုံးလာခဲ့ပြီး တိုက်စစ်မှာ ဂျိုတာကို ဆာလာ၊ မာနေးတို့နဲ့ တွဲဘက်ပေးခဲ့တယ်။ ကွင်းလယ်မှာတော့ သီယေဂို၊ ဖာဘင်ညို၊ ကိတ်တာ အတွဲကို ထုတ်သုံးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ ပထမပိုင်းမှာ ဗီလာရီးရဲလ်ရဲ့ တိုက်ခိုက်လိုစိတ် အပြည့်နဲ့ ထိုးဖောက်မှုကို လီဗာပူးအသင်း ခံစားခဲ့ရတယ်။

ပွဲစစချင်းမှာပဲ ဗီလာရီးရဲလ်က ဦးဆောင်ဂိုး စရခဲ့တာကြောင့် နှစ်ကျော့ပေါင်း ၂-၁ ရလဒ်နဲ့အတူ ပွဲက အသက်ဝင်ခဲ့ပါတယ်။ ဦးဆောင်ဂိုး ပေးရပြီးတည်းက လီဗာပူးအသင်းဟာ ဒီရာသီ အဆိုးရွားဆုံး ပထမပိုင်း စတင်ကစားခဲ့ပြီး အံ့သြဖို့ ကောင်းအောင်ကို အမှားမှား အယွင်းယွင်းနဲ့ ရုန်းကန်ခဲ့ရတာဖြစ်တယ်။

အခွင့်အရေး ဖန်တီးနိုင်ဖို့ မဆိုထားနဲ့ ဘောလုံးတောင် ကြာကြာ မကိုင်နိုင်ဘဲ လွယ်ကူတဲ့ ပေးမှုတွေကလည်း တိကျခြင်းမရှိ ဖြစ်နေခဲ့တာပါ။ ဘောလုံးပိုင်ဆိုင်မှုဟာ ၅၀% အောက်ထိ ကျဆင်းခဲ့တဲ့ အခိုက်အတန့်တွေတောင် ရှိနေခဲ့ပြီး ပထမပိုင်းမှာ ဂိုးပေါက်လည်း တစ်ကြိမ်မှ မတည့်ခဲ့ပါဘူး။

စိတ်ဓါတ်တက်နေတဲ့ ဗီလာရီးရဲလ်ဟာ ဒုတိယ ဦးဆောင်ဂိုးကို ရယူခဲ့ပြန်ပြီး လီဗာပူးအသင်းကို စိတ်သောကတွေ ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ နှစ်ကျော့ပေါင်း ရလဒ် ၂-၂ ဖြစ်ခဲ့တာကြောင့် ဒုတိယပိုင်းမှာ လီဗာပူးအသင်း ပြန်လာနိုင်ဖို့ အရေးတကြီး လိုအပ်ခဲ့ပါတယ်။

ဒုတိယပိုင်း ၄၅ မိနစ်မှာ ကလော့ပ်ဟာ ဂျိုတာကို ထုတ်ပြီး ဒီယက်စ်ကို ထည့်သွင်း ကစားခဲ့တယ်။ ဒါကပဲ ပွဲအဖြေကို ပြောင်းလဲဖို့ အရေးပါခဲ့ပြီး ဒီယက်စ် ဝင်ရောက်လာမှုနဲ့အတူ လီဗာပူးကစားဟန်ဟာ နတ်ရေကန်ထဲ ခုန်ဆင်းသလို ခြားနားသွားခဲ့ပါတယ်။

ညာခြမ်းက ထရန့်ရဲ့ တိုက်စစ်လိုက်ပုံ ပိုကောင်းလာသလို အသင်းလိုက် ဘောလုံးပေးမှုတွေ ပိုတိကျလာခဲ့တယ်။ ဖိအားပေးမှုတွေ ပြန်လည် စတင်လာခြင်းနဲ့အတူ ဖာဘင်ညို၊ ဒီယက်စ်၊ မာနေးတို့ သွင်းဂိုးတွေ ဆက်တိုက် ပြန်ရယူနိုင်ပြီး ပထမအပိုင်း ရလဒ်ကို ပြန်ချေပနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ လီဗာပူးအသင်းသားတွေရဲ့ ကြံ့ခိုင်တဲ့ စိတ်ဓါတ်ဟာ ပွဲအဖြေကို ပြောင်းလဲဖို့ အတော်လေး အရေးပါခဲ့တာဖြစ်တယ်။ ဆိုးရွားတဲ့ အမှားတွေ လုပ်ခဲ့ပေမယ့် အချိန်မှီ ပြင်ဆင်နိုင်ခဲ့ပြီး အခုဆိုရင် နောက်ဆုံး ၅ ရာသီမှာ ၃ ကြိမ်မြောက်အဖြစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်ခဲ့ပြီဖြစ်ကာ ပြိုင်ဘက်အသင်းကို စောင့်ဆိုင်းနေပြီပဲ ဖြစ်ပါတယ်။