ကလပ်ရဲ့ အတောက်ပဆုံး ကစားသမားကို ရောင်းထုတ်ခြင်းနဲ့ ပတ်သက်ပြီး ဖူလ်ဟမ် ဥက္ကဋ္ဌ တုန့်ပြန်

လီဗာပူးအသင်းက ဖူလ်ဟမ် ကွင်းလယ်လူ ဖေဘီယို ကာဗယ်ဟိုကို ခေါ်ယူဖို့ သဘောတူညီမှု ရထားပြီဖြစ်ကြောင်း သတင်းထောက် Fabrizio Romano က ပြောဆိုထားတယ်။

လက်ရှိမှာတော့ ဖူလ်ဟမ်အသင်း ဥက္ကဋ္ဌ တိုနီခန်က အဆိုပါ ကိစ္စကို လူရှေ့မှာ ထုတ်ပြောလာခဲ့ပါတယ်။ သူကတော့ ကလပ်အတွက် အကောင်းဆုံးဖြစ်ရေး ဒီနွေမှာ အလွတ်နဲ့ ထွက်ခွာမယ့် ဖေဘီယိုကို ရောင်းထုတ်ဖို့ လီဗာပူးနဲ့ ညိနှိုင်းခဲ့တဲ့သဘော ပြောဆိုခဲ့တယ်။

တိုနီခန်က ပြောရာမှာ “ ဖေဘီယိုကို ကျနော် အတော်လေး သဘောကျပါတယ်။ သူက ကျနော်တို့ အများကြီး မျှော်လင့်ထားတဲ့ ကစားသမားတစ်ယောက်ပါ။ အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့ပြီး သူ့ကို ဆက်ထိန်ုးထားဖို့ကို ကျနော်တို့ သဘောကျပါတယ်။

ဒါပေမယ့်လို့ ကလပ်အတွက် အကောင်းဆုံးဖြစ်မယ့် သဘောတူညီမှုကို လုပ်ခဲ့ရပါတယ်။ ဒီ သဘောတူညီမှုနဲ့အတူ အဲ့တာက အံ့သြလောက်အောင် အလုပ်ဖြစ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ အသင်း တန်းဆက်ရာမှာ သူက မယုံနိုင်လောက်အောင် အရေးပါသူ ဖြစ်ခဲ့ပါတယ်။

မာကိုက ဖေဘီယိုနဲ့အတူ အကောင်းဆုံး တွဲလုပ်နိုင်ခဲ့တယ်။ သူတို့က သိပ်ကောင်းတဲ့ ဆက်ဆံရေး ရှိထားပြီး ဖေဘီယိုက ကျနော်တို့အတွက် အံ့မခန်းပါဘဲ။ သူက ဒီလူစာရင်းမှာ ကြီးကြီးမားမား ပါဝင်ပတ်သက်ခဲ့သူဖြစ်လို့ သူကို ဆုံးရှုံးရတာက ကြီးမားတဲ့ ကိစ္စပါပဲ။

ဒါပေမယ့် ကျနော်တို့ သူ့ကိစ္စ အကောင်းဆုံး စီမံနိုင်တာနဲ့အတူ အနေအထားကောင်းတွေမှာ တောင့်တင်းစွာ ဆက်ရှိနေရေး ကျနော်တို့ အကောင်းဆုံး စီမံနိုင်မယ်လို့ ထင်ပါတယ် ” ဆိုပြီး ပြောဆိုသွားတာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဖေဘီယိုအတွက် ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၅ သန်း ပေးမှာဖြစ်ပြီး အနာဂတ်မှာ စွမ်းဆောင်ရည်အရ ပေါင် ၂.၇ သန်း ထပ်ပေးဦးမှာပါ။ အကယ်လို့ ကလပ်က ဖေဘီယိုကို ရောင်းထုတ်ခဲ့မယ်ဆိုရင် အမြတ်ရဲ့ ၂၀% အား ဖူလ်ဟမ်အသင်းကို ခံစားခွင့်ပေးမှာ ဖြစ်ပါတယ်။