လီဗာပူးရဲ့ ကွင်းလယ် ပစ်မှတ် ချူအာမီနီရဲ့ အလားအလာအတွက် ပြင်သစ် အသိုင်းအဝိုင်းရဲ့ ထင်မြင်ချက်များ

အမ်ဘာပေ၊ ဘာနာဒိုဆေးဗား၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်နဲ့ ဖာဘင်ညိုတို့ဟာ မိုနာကိုမှာ သူတို့ရဲ့ နာမည်ကို စတင်တည်ထောင်ခဲ့တဲ့ စူပါစတားတွေဖြစ်ပြီး အခုဆိုရင် နောက်ထပ် တစ်ယောက်ပါ ထွက်ပေါ်လာခဲ့ပါပြီ။

အော်ရီလီယန် ချူအာမန်နီဟာ ၂၀၂၀ မှာ ဘော်ဒိုးကနေ ခေါ်ယူခံခဲ့ရပြီးကတည်းက အနာဂတ်ကြယ်ပွင့်ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့တာဖြစ်ပြီး သူ့ရဲ့ နောက်ဆုံး စွမ်းဆောင်ရည်တွေဟာ ပြင်သစ်လိဂ်မှာ နေရာတစ်ခု ခိုင်ခိုင်မာမာ ရရှိနေစေခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ဒီရာသီ ပြင်သစ်လိဂ်မှာ နာမည် ထင်ပေါ်လာခဲ့ကာ လိဂ်ချန်ပီယံ ပီအက်စ်ဂျီကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲအတွင်းမှာဆိုရင် ပဲရစ်ကလပ်ရဲ့ ကွင်းလယ်ကို လုံးဝ လွှမ်းမိုးထားခဲ့တာပါ။

ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်ဟာ ဘယ်နိုင်ငံအသင်းထက်မဆို လူအင်အား အတောင့်တင်းဆုံးကို ပိုင်ဆိုင်ထားပေမယ့် ချူအာမန်နီရဲ့ ထက်မြက်တဲ့ တိုးတက်လာမှုဟာ နိုင်ငံအသင်း ကွင်းလယ်မှာ ပြိုင်ဆိုင်မှုတွေ ရှိနေသည့်တိုင် ကာတာ ကမ္ဘာ့ဖလားမှာ ပွဲထွက်ခွင့်ရသူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။

နည်းပြ ဒီဒီယာ ဒက်ချမ့်ဟာ ချူအာမန်နီရဲ့ ခြေစွမ်းကို အတော်လေး အထင်ကြီးခဲ့ပြီး လက်ရွေးစင်အသင်းက စီနီယာ ကစားသမား ပေါ့ဘာနဲ့ နှိုင်းယှဉ်မှု လုပ်ခဲ့ပါတယ်။

“ အော်ရီလီယန်ဟာက ဘောလုံးပြန်လိုက်လုတဲ့ နေရာမှာ အတော်လေးကို စိတ်ဓာတ် ပြင်းပြမှုရှိပြီး အဲ့ဒါက ပေါလ်ထက် ပိုသာပါတယ်။ ဟန်ချက်ညီညီရှိတာ ကောင်းတယ်။ ပေါလ်က အမြဲတမ်း တိုက်စစ်ဆင်ဖို့ လိုလားတယ်လေ။ ဒီနည်းစနစ်မှာ သူတို့ရဲ့ အတိုင်အဖောက် ညီညွတ်မှုက အလုပ်ဖြစ်ခဲ့ပါတယ် ” လို့ ဒက်ချမ့်က ဆိုပါတယ်။

သူတို့နှစ်ယောက်ရဲ့ ကလပ်အနာဂတ်တွေကလည်း ရောယှက်နေပြီး ပီအက်စ်ဂျီဟာ နှစ်ယောက်လုံးကို စိတ်ဝင်စားနေသလို ချူအာမန်နီကို အလိုရှိတဲ့ ကလပ်များစွာထဲမှာ အနောက်မြောက်ပိုင်း ကလပ်တွေဖြစ်တဲ့ လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ပါဝင်နေပါတယ်။ ရီးရဲလ်မက်ရစ်၊ ချယ်ဆီးတို့လို ဥရောပဘီလူးတွေနဲ့လည်း ချိတ်ဆက်မှု ရှိခဲ့တာပါ။

စွယ်စုံရ ကွင်းလယ်လူတစ်ယောက်အနေနဲ့ ချူအာမန်နီဟာ အခွင့်အရေး ဖန်တီးရာမှာရော ဖြိုခွဲကစားပုံမှာပါ သက်တောင့်သက်သာရှိပြီး ကိန်းဂဏန်းအချက်အလက်တွေက ဒါကို သက်သေပြနေပါတယ်။ သူဟာ ကြားဖြတ်ယူမှု ၈၇ ကြိမ်နဲ့ လီဂူးဝမ်းမှာ နံပါတ်တစ်ချိတ်ပြီး ပြိုင်ဘက်ခံစစ်ဇုန်ထဲ ပေးပို့မှုတွေ၊ ဖျက်ထုတ်မှုတွေနဲ့ အမြင့်ဘော အနိုင်ရမှုတွေမှာလည်း ထိပ်ဆုံး ၁၀ ယောက် စာရင်းဝင်ပါတယ်။

ပီအက်စ်ဂျီနဲ့ပွဲက သူ့ရဲ့ ခြေစွမ်းဟာ မာကို ဗာရတ်တီလို အတွေ့အကြုံရင့် ကစားသမားနဲ့ ရင်ဆိုင်ရာမှာတောင် ခြေထောက်နဲ့ ဘောလုံးကို ကော်နဲ့ကပ်ထားသလို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ပြခဲ့ပါတယ်။

ချူအာမန်နီဟာ မကြာခင်မှာ ဗာရတ်တီလိုမျိုး ထိပ်တန်းအဆင့် ဖြစ်လာလိမ့်မယ်လို့ မိုနာကိုနည်းပြဟောင်း နီကိုကိုဗတ်က ခန့်မှန်းပေးခဲ့ပြီး ၎င်းကို လီဂူးဝမ်းရဲ့ အကောင်းဆုံး ကွင်းလယ်လူအဖြစ် ဒီဇင်ဘာလတုန်းက ချီးကျူးခဲ့ပါတယ်။

“ ချူအာမန်နီက အများကြီးတိုးတက်လာခဲ့တဲ့ ကစားသမားတစ်ယောက်ပါ။ သူက သူ့ကို သင်ပြတာတွေကို နာခံတယ်၊ လေ့ကျင့်ရေးတိုင်းမှာ သင်ယူပြီး တိုးတက်အောင် လုပ်ချင်စိတ်ရှိတယ်။ သိပ်ကို နှိမ့်ချတတ်တဲ့ ကစားသမားပါ။ ဗီဒီယိုနဲ့လေ့လာရတဲ့ အချိန်တွေမှာလည်း သူက ဘာတွေကောင်းတယ်၊ မကောင်းဘူးလဲဆိုတာ ဝေဖန် သုံးသပ်တတ်ပါတယ်။

အခု သူက ပြင်သစ် လက်ရွေးစင်တစ်ယောက်ပါ။ လူတိုင်းက သူ့ရဲ့ ထူးချွန်မှုကို သတိပြုတတ်ကြတယ်။ ဒါပေမယ့် သူ့အနေနဲ့ အဲ့ဒါတွေကြောင့် ဘဝင်မမြင့်ဘဲ သူ့ကို တောင်းဆိုတာထက် ပိုပြီး လုပ်ပြနိုင်အောင် ကြိုးစားရမှာပါ။ ကျွန်တော့်အတွက်တော့ သူက လီဂူးဝမ်းမှာ အကောင်းဆုံး ကွင်းလယ်လူ ဖြစ်နေပြီးပါပြီ ” လို့ နီကို ကိုဗတ်က ပြောဆိုခဲ့ပါတယ်။

၂၀၂၂ နွေအပြောင်းအရွှေ့မှာ ဥရောပ ဘောလုံးလောကအတွက် များစွာသော ကိစ္စကြီးတွေ ဖြစ်လာဖို့ရှိပါတယ်။ အခြား အသင်းတွေ တိုက်စစ်သမား ရှာဖွေ ချိတ်ဆက်နေချိန်မှာ လီဗာပူးအသင်းက ကွင်းလယ် အဆင့်မြှင့်တင်မှုတွေလုပ်ဖို့ ကြိုးစားနေပြီး ချူအာမန်နီကတော့ လက်တလော သတင်းကြီးနေသူတစ်ဦး ဖြစ်နေခဲ့ပြီ ဖြစ်ပါတယ်။