ချန်ပီယံလိဂ်မှာ ဗီလာရီးရဲလ်က ရှင်သန်နေဆဲဆိုတဲ့ နည်းပြ အူနိုင်းအမ်မရီ

ကလော့ပ်နဲ့ ရင်ဆိုင်ခဲ့တဲ့ ၇ ကြိမ်မှာ ၂၀၁၉ ယူရိုပါလိဂ်ဖိုင်နယ် တစ်ကြိမ်ပဲ အနိုင်ရခဲ့တဲ့ ဗီလာရီးရဲလ် နည်းပြ အူနိုင်း အမ်မရီက သူ့အသင်း အန်ဖီးကွင်းမှာ ၂ ဂိုး အရှုံးနဲ့ အရေးနိမ့်ခဲ့ပေမယ့် သိပ်အဆိုးကြီး မဟုတ်ဘဲ လွတ်မြောက်လာခဲ့တယ်လို့ ယုံကြည်နေပါတယ်။

ဒီအပတ်မှာ လီဗာပူးအသင်းက နယူးကာဆယ်အသင်းထံ အဝေးကွင်း သွားကစားချိန်မှာ ဆာလာ အပါအဝင် အဓိက ကစားသမားတွေကို အနားပေးခဲ့တယ်။ ဗီလာရီးရဲလ်ဘက်ကလည်း လာလီဂါ အဝေးကွင်းမှာ တစ်သင်းလုံးနည်းပါး အနားပေးခဲ့ကာ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲအတွက် လူချန်ခဲ့ပါတယ်။

အမ်မရီကတော့ သူ့အသင်းဟာ ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်ထံ တက်ရောက်နိုင်ရေး ရှင်သန်နေဆဲလို့ ယုံကြည်နေတယ်။ အိမ်ကွင်းအားနဲ့အတူ လီဗာပူးကို တုန့်ပြန်နိုင်ဖို့ စပိန်သားကြီးက မျှော်လင့်နေဆဲဖြစ်ပါတယ်။

“ လီဗာပူးက ကျွန်တော်တို့ထက် ပိုကောင်းခဲ့တယ်။ မိနစ် ၉၀ လုံး ပိုကောင်းခဲ့တာပါ။ ကျွန်တော်တို့ ပိုကောင်းတဲ့ပွဲကို ကစားချင်ခဲ့ပြီး၊ အခွင့်အရေးတွေ ကောင်းကောင်း ဖန်တီးချင်ခဲ့တာပါ။ ဒါပေမယ့် ခံစစ်ကိုလည်း အများကြီး ကာကွယ်ဖို့ လိုအပ်ခဲ့တယ်။ အနိုင်ရချင်ခဲ့ပေမယ့် မလုပ်နိုင်ခဲ့ပါဘူး။

သရေလောက် လိုချင်ခဲ့ပေမယ့် မဖြစ်နိုင်ခဲ့ဘူး။ ၁-၀ လောက်နဲ့ ရှုံးချင်ခဲ့ပေမယ့် မဖြစ်နိုင်ခဲ့ဘူး။ ဂိုးသွင်းချင်ခဲ့ပေမယ့် မလုပ်နိုင်ခဲ့ဘူး။ ကျွန်တော်တို့ ဘာအခွင့်အရေးမှ မဖန်တီးနိုင်ခဲ့တာပါ။ သူတို့ ဂိုးပေါက်နားတောင် မရောက်ခဲ့ဘူး။ ၂-၀ ဆိုတာ ရှင်းလင်းမြင်သာပြီး ထိုက်တန်တဲ့ ရလဒ်တစ်ခုပါ။ ဒီထက်ပိုဆိုးတဲ့ ရလဒ်တောင် ဖြစ်သွားနိုင်ခဲ့ပါတယ်။

အခုချိန်မှာ တစ်ခုတည်းသော အရာက ကျွန်တော်တို့ အိမ်ကွင်းမှာ မတူညီတဲ့ ပုံစံနဲ့ စွမ်းဆောင်ပြဖို့ အခွင့်အရေး ရှိနေဆဲပါ။ ကျွန်တော်တို့ ရှင်သန်နေတုန်းပဲ ” လို့ အမ်မရီက ပြောကြားခဲ့တာဖြစ်ပါတယ်။

ဗီလာရီးရဲလ်ဟာ ကောင်းမွန်တဲ့ ပရိသတ်ထု ပိုင်ဆိုင်ခြင်းနဲ့အတူ နာမည်ကောင်း ရထားတဲ့အသင်းဖြစ်ပြီး ဒီတစ်ကြိမ် အဝေးကွင်းပွဲမှာ လီဗာပူးက ပေါ့ဆမှုမရှိ ပြင်းထန်စွာ အားထုတ်ခြင်းနဲ့အတူ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။