နွေအတွက် လီဗာပူးရဲ့ ပလန်နဲ့ အပြောင်းအရွှေ့ ကော်မတီအကြောင်း ကလော့ပ် ဖွင့်ချ

နည်းပြ ယာဂင်ကလော့ပ်က လီဗာပူးအသင်းမှာ ဘဏ္ဍာရေး ကန့်သတ်ချက်တွေနဲ့ အလုပ်လုပ်ရပေမယ့် သူလိုချင်ခဲ့တဲ့ ကစားသမားကို ခေါ်ယူဖို့အတွက်တော့ ဘယ်တုန်းကမှ မရုန်းကန်ခဲ့ရဘူးလို့ ပြောဆိုခဲ့ပါတယ်။

၂၀၁၅ အောက်တိုဘာမှာ ဂျာမန်နည်းပြ တာဝန်ယူပြီးနောက်ပိုင်း ကလပ်ရဲ့ အသားတင် အသုံးစရိတ်ဟာ စုစုပေါင်း ပေါင် ၁၃၃ သန်း ဝန်းကျင်သာ ရှိပြီး ဒါဟာ တခြားပြိုင်ဘက် အများစုထက် အတော်လေးကို နည်းပါးတဲ့ ပမာဏ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ လီဗာပူးအသင်းဟာ ကစားသမား အထွက်တွေမှာ အမြတ်ကောင်းကောင်းနဲ့ ရောင်းထုတ်နိုင်မှုတွေကြောင့် ဒီလိုမှတ်တမ်းကို ရရှိခဲ့တာဖြစ်ပါတယ်။

အကယ်လို့ လီဗာပူးအသင်းဘက်က ကစားသမား ရောင်းထုတ်မှုတွေကို ကောင်းကောင်း မစီမံနိုင်ရင် အသာတင် အသုံးစရိတ်က ပိုထုတ်ရမှာပါ။ Fenway Sports Group ရဲ့ အုပ်ချုပ်မှုအောက်မှာ လီဗာပူးဟာ မန်စီးတီး၊ ချယ်ဆီး၊ ယူနိုက်တက်တို့နဲ့ ကွဲပြားစွာ စီမံခန့်ခွဲမှုတွေ လုပ်ဖို့လိုပေမယ့် ကလပ်ရဲ့ သူများနဲ့မတူတဲ့ ကိုယ်ပိုင်ချဉ်းကပ်ပုံဟာ အသင်း အောင်မြင်ရေး ရည်မှန်းချက်တွေအတွက် မထိခိုက်စေခဲ့ဘူးလို့ ကလော့ပ်က ဝန်ခံခဲ့ပါတယ်။

ကလပ်က ဥရောပရဲ့ သားရိုင်းတွေကြားမှာ ကောင်းကောင်း ကိုင်တွယ်နိုင်စွမ်းရှိပြီး ၂၀၁၈ ဇန်နဝါရီမှာ ကော်တင်ညိုကို ဘာစီလိုနာထံ ရောင်းချခဲ့တာကနေ ဗန်ဒိုက်၊ ဖာဘင်ညိုနဲ့ အယ်လစ်ဆန်တို့ကို ခေါ်ယူခဲ့ပါတယ်။

“ ကျွန်တော်တို့ လိုချင်ခဲ့တဲ့ ကစားသမားတွေကို ခေါ်ယူဖို့ ရုန်းကန်ခဲ့ရတာမျိုး တခါမှ မရှိပါဘူး။ လီဗာပူးအသင်း ဖြစ်စေချင်တဲ့အတိုင်း မဖြစ်ခဲ့တဲ့ နောက်ဆုံးကစားသမားက ကော်တင်ညိုရဲ့ ထွက်ခွာမှုပါ။ ဒါပေမယ့် အဲ့ဒါမျိုးတွေက အမြဲ ဖြစ်တတ်ပါတယ်။

‘ဘယ်သူ့ကိုခေါ်’ ဆိုပြီး အပြင်ကနေ အမြဲတမ်း အကြံပေးကြတာတွေကို သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ချဉ်းကပ်ပုံက နည်းနည်းကွဲပြားတယ်။ မတူညီတဲ့နည်းလမ်းနဲ့ ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးစားခဲ့တာပါ။ ကစားသမားတစ်ယောက်နဲ့ ဆွေးနွေးတဲ့အခါ ရုန်းကန်ခဲ့ရတဲ့ နောက်ဆုံးအကြိမ်ကို ကျွန်တော် မှတ်တောင်မမှတ်မိဘူး။

ကျွန်တော်တို့ လိုချင်တဲ့သူတိုင်း အသင်းကို ရောက်လာတယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က ကစားသမားတွေအတွက် ဆွဲဆောင်မှုရှိတဲ့ ရွေးချယ်စရာ ကလပ်တစ်သင်းပါပဲ”လို့ ကလော့ပ်က ဆိုပါတယ်။

လီဗာပူးအသင်းထံ ကလော့ပ် ရောက်ရှိခဲ့တဲ့အချိန်မှာ ကလပ်ရဲ့ ချီးကျူးထိုက်တဲ့ အပြောင်းအရွှေ့ ဆောင်ရွက်မှုတွေအတွင်း မကြာခင် ထွက်ခွာသွားတော့မယ့် အားကစားဒါရိုက်တာ မိုက်ကယ်အက်ဒ်ဝပ်က အဓိက အရေးပါသူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ လီဗာပူး အပြောင်းအရွှေ့ ကော်မီတီဟာ ဝေဖန်မှုတချို့ ရခဲ့ပေမယ့် ကလပ်အသင်း ဆက်တိုက် အောင်မြင်မှုရမှုတွေမှာ အဓိက အခြေခံကျတဲ့ အုတ်မြစ် ဖြစ်ခဲ့ပါတယ်။

“ပထမဆုံး သတင်းစာရှင်းလင်းပွဲကနေစပြီး အပြောင်းအရွှေ့ ကော်မတီအကြောင်း ခင်ဗျားတို့ မေးခဲ့တယ်။ ‘အပြောင်းအရွှေ့ ကော်မတီက ဘာပြဿနာရှိလို့လဲ’ ဆိုပြီး ကျွန်တော် တွေးမိခဲ့ပါတယ်။ အဲ့စကားကို နားလည်ဖို့ ကြိုးစားခဲ့ရတယ်။ ဘာလို့လဲဆိုတော့ အပြောင်းအရွှေ့ ကော်မတီဆိုတာ တရားဝင်နာမည် မဟုတ်ပါဘူး။

ဒါပေမယ့် ကျွန်တော်တို့က လူနည်းစုနဲ့ အတူထိုင်ပြီး စကားပြောကြတယ်၊ ‘ဒါကို ငါတို့ လုပ်လို့ရမလား၊ မရဘူးလား’ ဆိုတာတွေ ဆွေးနွေးကြပါတယ်။

‘ဈေးကြီးလွန်းတယ်’လို့ တယောက်က ပြောတယ်။ တခြားတယောက်က သူ့ရဲ့ အရည်အသွေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ထုတ်ပေးတယ်။ တခြားတယောက်က ‘ဒါတွေအားလုံးမေ့လိုက်၊ သူက အရမ်းတော်လို့ ငါသူ့ကိုလိုချင်တယ်’ ဆိုပြီး ပြောတယ်။ ဒါက အပြောင်းအရွှေ့ကော်မတီနဲ့ ပတ်သက်ပြီး ကျွန်တော် နားလည်ထားတဲ့အရာပဲ။

ဟုတ်ပါတယ်။ ကျွန်တော်တို့ ပိုပြီး ချွေတာဖို့လိုတယ်။ ကျွန်တော်တို့မှာ အတောမသတ်နိုင်တဲ့ အရင်းအမြစ်တွေ မရှိဘူး။ ကျွန်တော်တို့ လိုချင်တဲ့ ကစားသမားတွေကို အကြောင်းပြချက် အမျိုးမျိုးကြောင့် အမြဲတမ်း မရနိုင်ခဲ့ပါဘူး။ တခါတလေ ပိုက်ဆံကြောင့် လက်လွှတ်လိုက်ရတာ ရှိပါတယ်။

အဓိကက ‘ဒီကစားသမားက အသင်းနဲ့ အံဝင်မှာလား’ ‘ငါတို့ကို အကူအညီပေးမှာလား’ ‘အသင်းအတွက် နောက်တဆင့် မြင့်တက်နိုင်အောင် ကူညီမှာလား’ ဆိုတာ တွေးရမှာပါ။ အမြဲတမ်း အလုပ်ဖြစ်တာ မဟုတ်ပေမယ့် အလုပ်ဖြစ်ပါတယ်။ အဲ့ဒါဆို ကစားသမားက အကျိုးသက်ရောက်မှု ရှိစေနိုင်တယ်။ ဒါက ကျွန်တော်တို့ရဲ့ နည်းလမ်းပဲဖြစ်ပြီး ဒီအတိုင်းပဲ ဆက်လုပ်သွားဦးမှာပါ ” လို့ ယာဂင်ကလော့ပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။