ဗီလာရီးရဲလ်နဲ့ ဒုတိယအကျော့ပွဲအတွက် တစ်သင်းလုံးကို ဝမ်နင်ပေးထားတဲ့ ယာဂင်ကလော့ပ်

ဗီလာရီးရဲလ်ကို ၂-၀ နဲ့ အနိုင်ရခဲ့တာက နောက်အပတ် ဒုတိယအကျော့ မတိုင်ခင် လီဗာပူးအတွက် အရေးပါတဲ့ အားသာချက် ရစေခဲ့ပေမယ့် ဘာမှ ပိုင်ပိုင်နိုင်နိုင် မဟုတ်သေးဘူးလို့ နည်းပြ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။

လီဗာပူးအသင်းက အစကနေ အဆုံးထိ လွှမ်းမိုးထားခဲ့ပြီး သက်တောင့်သက်သာ အနိုင်ရခဲ့တဲ့ပွဲလို့ ဆိုရမှာပါ။ ဒါပေမယ့် လီဗာပူးတို့ ဂိုးပေါက်ကန်သွင်းမှု ၁၂ ကြိမ် ရခဲ့တဲ့ ပထမပိုင်းမှာ ဂိုးမရှိ သရေကျခဲ့တဲ့နောက် ပွဲက ၁၃၃ စက္ကန့် အတွင်းမှာပဲ အနိုင်သေချာသွားခဲ့ပါတယ်။

ဒါပေမယ့် လီဗာပူးအသင်းဟာ ဖလားလေးလုံး အောင်မြင်မှုအတွက် ကြိုးပမ်းနေသလို ပထမအကျော့မှာ ၂-၀ အနိုင်ရတဲ့ ရလဒ်အတွက် ကလေ့ာပ်က အသင်းသားတွေကို ကိုယ့်ဘာသာ ကျေနပ်နေခွင့် မပေးခဲ့ပါဘူး။ ဗီလာရီးရဲလ်နဲ့ ဒုတိယအကျော့ပွဲမှာ အစအဆုံး အကုန်ပြန်လုပ်ရမယ်ဆိုတာက ကလော့ပ်ရဲ့ သတိပေးချက် ဖြစ်ပါတယ်။

“ ဒါက အန္တရာယ်ရှိတဲ့ ရလဒ်ပါ။ ဘယ်လောက်ထပ်လုပ်ဖို့ ကျန်သေးလဲ။ အစအဆုံး ထပ်လုပ်ရဦးမှာပါ။ ဘာမှ ပိုင်ပိုင်နိုင်နိုင် တွက်ထားလို့ မရပါဘူး။ ပထမအကျော့မှာ ၂-၀ နဲ့ ဦးဆောင်ထားတဲ့အခါ ၁၀၀ ရာခိုင်နှုန်း မှန်ကန်တဲ့ စိတ်ဓာတ်ထားပြီးတော့ ဒုတိယအကျော့ကို ကစားဖို့ လိုပါတယ်။

ဒုတိယအကျော့က ကျွန်တော့်တို့အတွက် ခက်ခဲမယ်ဆိုတာ သိပါတယ်။ ဗီလာရီးရဲလ်ဟာ သူတို့ရှိသမျှ အကုန်လုံးနဲ့ တိုက်ပွဲဝင်မယ်ဆိုတာ မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့လည်း အားကုန်ထုတ်ပြီး တိုက်ပွဲဝင်ပါတယ်။ သူတို့တွေ ဖိုင်နယ်ရောက်ဖို့ ရလဒ်တစ်ခုနဲ့ ကျွန်တော်တို့ကို အနိုင်ရသွားရင် သူတို့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့ တက်သွားရင်လည်း ကျွန်တော်တို့က ထိုက်တန်ပါတယ်။

ဒီပြိုင်ပွဲမှာ ကံကောင်းတယ်ဆိုတာ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ ရှိသမျှ အင်အားအပြည့်နဲ့ တိုက်ပွဲဝင်ခဲ့တယ်ဆိုတာ လူတိုင်းမြင်နိုင်ပါတယ်။ တကယ်ကောင်းတဲ့ပွဲကို ကစားခဲ့တာပါ။ အခု ၆ ရက်အတွင်း ကျွန်တော်တို့ ပွဲထပ်ကစားရမယ်။ အဲ့အတွက် အဆင်သင့် ဖြစ်နေဖို့ လိုပါတယ်။

ကျွန်တော်တို့ ပွဲချိန်တဝက်မှာ ၂-၀ နဲ့ ဦးဆောင်ထားတယ်ဆိုတာ ပွဲမတိုင်ခင် အခြေအနေထက် ပိုကောင်းတယ်ဆိုပေမယ့် ကျွန်တော်တို့ နောက်တဆင့် မတက်သေးဘူး။ ဒါကြောင့် ဆက်လုပ်ရဦးမယ် ” လို့ ကလော့ပ်က ဆိုပါတယ်။