တချိန်က ဘွန်ဒက်လီဂါရဲ့ First Lady အခုတော့ လီဗာပူးမြို့သူ ဖြစ်လာတဲ့ အူလာ ဆန်ဒရော့

မန်နေဂျာ ယာဂင်ကလော့ပ်က လီဗာပူးနဲ့ သက်တမ်းတိုး စာချုပ်သစ် ချုပ်ဖို့ သူ့ရဲ့ ဆုံးဖြတ်ချက်အတွက် အကြောင်းရင်း တစ်ခုအဖြစ် သူ့ဇနီးသည် အူလာ ဆန်ဒရော့ခ်ရဲ့ ဆန္ဒကို ထည့်သွင်းပြောဆိုခဲ့ပါတယ်။

မာဆေးဆိုဒ် ဒေသမှာ ၆ နှစ်ခွဲ ကြာပြီးတဲ့နောက် ယာဂင်တို့ လင်မယားတွေ အခြေကျနေခဲ့ပြီး လီဗာပူး မြို့က ဘဝနဲ့ အသားကျလာခဲ့တာပါ။ ကလော့ပ်ဟာ လီဗာပူးကို ရောက်လာပြီးကတည်းက ကမ္ဘာ့ဘောလုံးလောကရဲ့ အကျော်ကြားဆုံး နည်းပြ တစ်ယောက် ဖြစ်လာခဲ့ပေမယ့် သူ့နောက်က ဇနီးသည်အကြောင်းကိုတော့ သိပ်မသိကြပါဘူး။

အူလာ ဆန်ဒရော့ ဆိုတာ ဘယ်သူလဲ ?

အူလာဟာ ယခင်က ဆရာမတစ်ယောက် အနေနဲ့ အလုပ်လုပ်ခဲ့ပေမယ့် အခုတော့ ဝတ္ထုရေး ဆရာမတစ်ယောက် ဖြစ်နေပါပြီ။ သူမဟာ သိပ်ထူးချွန်တဲ့ ဘောလုံးသမားတစ်ယောက်အဖြစ် ပြောင်းလဲသွားစေမယ့် ဘောလုံးမှော်အစွမ်းကို ရှာတွေ့ခဲ့တဲ့ ကောင်လေးတစ်ယောက် အကြောင်းကို ကလေးဖတ် စာအုပ်အဖြစ် ရေးသားထားပါသေးတယ်။

သူမဟာ အလှူအတန်း ရက်ရောတဲ့သူတစ်ယောက်ဆိုတဲ့ ဂုဏ်ပုဒ်လည်းရှိပြီး သူမရဲ့ ပရဟိတ အလုပ်နဲ့၊ ကလော့ပ်နဲ့ လက်ထပ် လိုက်တာတွေကြောင့် ‘ဘွန်ဒက်လီဂါရဲ့ First Lady’ အဖြစ် နာမည်ပြောင် ရရှိခဲ့ပါတယ်။ ကလော့ပ်ရဲ့ နာမည်ပြောင်းကတော့ ‘ဘွန်ဒက်လီဂါရဲ့ ဘုရင်ကြီး’ ပဲဖြစ်ပါတယ်။

ကလော့ပ်နဲ့ အူလာတို့ ဘယ်လိုတွေ့ခဲ့ကြလဲ?

ကလော့ပ်နဲ့ အူလာတို့ တွေ့ဆုံခဲ့တာကတော့ Oktoberfest ကာလအတွင်း မြူးနစ်က ဘားတစ်ခုမှာ အူလာက စားပွဲထိုးအဖြစ် လုပ်ခဲ့စဉ်မှာ ဖြစ်ပြီး ၂၀၀၅ ဒီဇင်ဘာမှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။

လီဗာပူးနဲ့ စာချုပ်သစ်မှာ အူလာက ဘယ်လို အရေးပါခဲ့သလဲ?

ကလော့ပ်ဟာ လီဗာပူးဟာ ၂၀၂၆ မတိုင်မီအထိ လီဗာပူးနဲ့ စာချုပ်သစ် ချုပ်ခဲ့တဲ့ ဆုံးဖြတ်ချက် နောက်ကွယ်က ပထမဆုံး အကြောင်းရင်း အဖြစ် ဇနီးသည်ကို ညွှန်းဆိုခဲ့ပါတယ်။

ကလပ်ရဲ့ တွစ်တာအကောင့်က တင်တဲ့ ဗီဒီယိုတစ်ခုမှာ ကလော့ပ်က ‘ကျွန်တော် နောက်နှစ်နှစ်လောက် ဆက်နေမယ်။ ဘာလို့လဲ။ ဒါက အခုသိချင်နေတဲ့ မေးခွန်းပေါ့။ ဘာလို့လဲဆိုတော့ အူလာက နေချင်တယ်တဲ့ဗျာ။ ခင်ပွန်းကောင်းတယောက် အနေနဲ့ မိန်းမက လီဗာပူးမှာ နေချင်တယ်ဆိုမှတော့ ဆက်နေရုံပေါ့။ ဒါပေမယ့် ဒါက သက်တမ်းတိုးဖြစ်တဲ့ အကြောင်းတွေထဲက တခုပါဗျာ ”လို့ ပြောဆိုခဲ့ပါတယ်။

အူလာက လီဗာပူးပွဲတွေ လာကြည့်လေ့ရှိလား?

အူလာဟာ ကလော့ပ်လက်အောက်က လီဗာပူးပွဲတွေကို လာကြည့်လေ့ရှိပါတယ်။ မကြာသေးမီက မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲ အပြီးမှာ ကလော့ပ်ဟာ ပက်ဂွာဒီယိုလာကို သူ့မိန်းမဆီ ညွှန်ပြ မိတ်ဆက်ပေးနေတာကို မြင်တွေ့ခဲ့ရပါတယ်။

သူမဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲတစ်ပွဲအတွင်း တံတောင်နဲ့ တွတ်ခံခဲ့ရတာကြောင့် စီးတီးနဲ့ပွဲကို မလာဖို့ ပြောခဲ့တယ်လို့ ကလော့ပ်က ဂွာဒီယိုလာကို ပြောပြခဲ့တာပါ။ ဒါပေမယ့် သူမကတော့ ပွဲကို လာကြည့်ဖို့ ရွေးချယ်ခဲ့ပါတယ်။

နောက်ပြီး အူလာဟာ လီဗာပူးပရိသတ်တစ်ယောက်ဆိုတဲ့ သံသယတွေလည်း ရှိပါတယ်။ ၂၀၁၉ တုန်းက အသင်းရဲ့ ဖလား အောင်ပွဲခံ ဘက်စ်ကားလာတာကို အူလာကိုယ်တိုင် ပျော်ရွှင် တက်ကြွစွာ ပရိသတ်တွေနဲ့အတူ အားပေးနေခဲ့တာကို လီဗာပူးပရိသတ်တွေ မြင်တွေ့ခဲ့ကြဖူးပါတယ်။