ကလော့ပ် စာချုပ်သစ်ရသွားလို့ ပျော်နေပေမယ့် ဗီလာပက်ခ်မှာ အလျော့ပေးမှာ မဟုတ်တဲ့ ဂျရတ်

အက်စတွန်ဗီလာ နည်းပြ စတီဗင်ဂျရတ်က လီဗာပူးအသင်းနဲ့ ကလော့ပ်တို့ စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်းကို ဂုဏ်ပြု စကားပြောဆိုနေခဲ့ပြီး ဒါဟာ လီဗာပူးပရိသတ်တွေ အချိန်ကြာကြာ မျှော်လင့်နေတဲ့ ကိစ္စပါလို့ ပျော်ရွှင်စွာ ပြောဆိုခဲ့ပါတယ်။

လီဗာပူးဂန္တဝင်ကြီးဟာ ကလော့ပ်ရဲ့ စာချုပ်အကြောင်း ပြောဆိုရချိန်မှာ သိသိသာသာ ပျော်ရွှင်နေပါတယ်။ ဒါပေမယ့်လို့ လက်ကျန် ပရီးမီးယားလိဂ်တွေအတွင်း ဗီလာပက်ခ်ကို လီဗာပူးအသင်း သွားရောက် ယှဉ်ပြိုင်ချိန်မှာတော့ သူ့အသင်းက အားထုတ်မှာဖြစ်ကြောင်း တပါးတည်း သတိပေးခဲ့ပါတယ်။

စတီဗင်ဂျရတ်ဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် အလုပ်အတွက် အကောင်းဆုံး လုပ်လိုဟန်ရှိပြီး အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ခံစားချက်တွေကို ခွဲထုတ်သွားမယ့်သူဖြစ်ပါတယ်။

ဂျရတ်က ” ကျနော် ဘာတွေးနေမိတယ်ဆိုတာကို အပြုံးတွေကပဲ ပြောပြနေမယ် ထင်ပါတယ်။ ကမ္ဘာတဝန်းက လီဗာပူးပရိသတ်တွေ အားလုံးအတွက် သိပ်ကို ကျေနပ်ဖို့ကောင်းတဲ့ သတင်းကောင်းပါပဲ။

ယာဂင်နဲ့ သူ့ရဲ့ နည်းပြအဖွဲ့ဝင်တွေကို ဂုဏ်ပြုပါတယ်။ လာမယ့် နှစ်ပေါင်းများစွာအတွက် လီဗာပူးရဲ့ အရေးအကြီးဆုံး လက်မှတ်ထိုးမှု ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါက သူနဲ့ ပတ်သက်လို့ ကျနော်တို့ ဘယ်လောက်တောင် တွေးမိကြတယ် ဆိုတာပါပဲ။ လီဗာပူးအတွက် သိပ်ကောင်းတဲ့ သတင်းကောင်းပါပဲ။

သူလုပ်ခဲ့တဲ့ စွမ်းဆောင်ရည်တွေအရ ထိုက်တန်ပါတယ်။ ပရိသတ်တွေက ဒီလက်မှတ်ထိုးမှုကို တောင့်တနေခဲ့တာ အချိန်တစ်ခုတောင် ရှိခဲ့ပါပြီ။ သူက အရမ်းကို ထူးခြားတဲ့ ကမ္ဘာအဆင့် အသင်းတစ်သင်းကို တည်ဆောက်လာခဲ့ပါတယ်။

ဒါက ကျနော်တို့အပေါ်မှာ လွှမ်းမိုးမှုရှိပြီး သူ ဗီလာပက်ခ်ကို လာကစားချိန်မှာ စိတ်ဝင်စားဖို့ ကောင်းပါလိမ့်မယ်။ ဗီလာနဲ့ လီဗာပူးတို့ တွေ့ကြမယ့် ပွဲစဉ်ကလွဲရင် သူတို့ကို အကောင်းဆုံး ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဂျရတ်ရဲ့ ဗီလာအသင်းဟာ ဒီရာသီမှာ လီဗာပူးအသင်းကိုကော မန်စီးတီးအသင်းနဲ့ပါ ထိပ်တိုက်တွေ့ရဖို့ ရှိနေသေးကာ သူ့အသင်းရဲ့ ရပ်တည်ချက်အတွက် နှစ်သင်းလုံးကို ပြင်းပြင်းထန်ထန် အားထုတ်သွားဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။