Exclusive: လီဗာပူးအသင်းနဲ့ စာချုပ်သစ်မှာ ကလော့ပ်က FSG ကို ဘာတွေ တောင်းဆိုခဲ့သလဲ

မန်နေဂျာကလော့ပ်ဟာ လီဗာပူးအသင်းမှာ ၂၀၂၆ ခုနှစ်ထိ ဆက်ရှိနေမယ်ဆိုတဲ့ စာချုပ်သစ်ကို ပြင်ဆင် ချုပ်ဆိုခဲ့ပြီဖြစ်ပါတယ်။ သူ့ရဲ့ ယခင် စာချုပ်ဟောင်းက ၂၀၂၄ ခုနှစ် ဘောလုံးရာသီ အကုန်ထိပဲ ရှိထားတာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဒီရာသီမှာ ဆုဖလား ၄ လုံးအတွက် ပြိုင်ဆိုင်နေရပြီး ပြင်းထန်တဲ့ ပွဲစဉ်ဇယားကို ပိုင်ဆိုင်ထားပါတယ်။ ဒီအခြေအနေကို ကျော်ဖြတ်ဖို့ ပြင်ဆင်လာရင်း အကောင်းဆုံး အားထုတ်နိုင်တဲ့ အခြေအနေကို ကလော့ပ်က အတော်လေး နှစ်သက်ခဲ့ပါတယ်။ ဒါကြောင့်ပဲ လီဗာပူးဘက်က သက်တမ်းတိုးလိုရင် စာချုပ်သစ်ချုပ်မယ်လို့ ကလော့ပ်ဘက်က လမ်းဖွင့်ခဲ့တာဖြစ်ပါတယ်။

ဗီလာရီးရဲလ်ကို အနိုင်ရအပြီးမှာတော့ လီဗာပူးအသင်းပိုင်ရှင် FSG ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ မိုက်ဂေါ်ဒန်က ကလော့ပ်ရဲ့ အေးဂျင့်နဲ့ စကားပြောမှု လုပ်ခဲ့ကြရာကနေ စာချုပ်သစ်ကိစ္စ ခပ်မြန်မြန်လေး ညိနှိုင်းနိုင်ခဲ့တာဖြစ်ပါတယ်။ FSG ဘက်ကလည်း ကလော့ပ်ရဲ့ စံနှုန်းတွေဟာ ၂၁ ရာစုရဲ့ အကောင်းဆုံး မန်နေဂျာဆိုတာကို ညွှန်းပြနေကြောင်း နားလည်ပါတယ်။ ကလော့ပ်ကို ဆက်ထိန်းနိုင်မယ့် အခွင့်အရေးကို သူတို့ လက်လွတ် မခံပါဘူး။

ကလော့ပ်ဟာ လီဗာပူးအသင်းမှာ သူ့ရဲ့ ပရော်ဂျက်တွေက မပြီးပြတ်သေးဘူးလို့ ခံယူပါတယ်။ သူ့ကောင်လေးတွေ၊ သူ့အသင်း၊ သူ့ကလပ်နဲ့ ပရိသတ်တွေကြား ဆက်နွယ်မှုတွေအရ အန်ဖီးကနေ စွန့်ခွာချိန် မတန်ဘူးလို့ ခံစားနေရတယ်။ လီဗာပူးအသင်းသမိုင်းမှာ အကောင်းဆုံး အသင်းတစ်သင်းကို တည်ဆောက်ထားနိုင်ခြင်းကလည်း အသင်းမှာ ဆက်နေဖို့ ကလော့ပ် ရွေးချယ်ခဲ့တဲ့ နောက်ထပ် အကြောင်းပြချက်ပါပဲ။

ကလော့ပ်က သူ့ရဲ့ ဒုတိယမျိုးဆက်ကို စတင် တည်ဆောက်ထားနိုင်ပါပြီ။ ဂျိုတာ၊ ကိုနတေး၊ ဒီယက်စ်တို့က အဲ့မျိုးဆက်ရဲ့ ဦးဆောင်သူတွေထဲ ပါဝင်ပါမယ်။ ဒါ့အပြင် ကလော့ပ်မှာက home grown ဒါမှမဟုတ် home-developed လိုခေါ်တဲ့ အကယ်ဒမီထွက်နဲ့ လူငယ်မျိုးဆက်သစ်တွေလည်း ရှိနေပါတယ်။ ဒါတွေကို ပေါင်းစပ်ပြီး အနာဂတ်အတွက် တည်ဆောက်ဖို့ သူ ရည်မှန်းနေပါတယ်။

ကလော့ပ်က သူခေါ်ယူခဲ့တဲ့ ဝန်ထမ်းတွေအတွက်လည်း အနာဂတ်ကောင်းစေဖို့ အသင်းမှာ ကာလတစ်ခု ဆက်နေလိုပါတယ်။ နောက်ထပ် အရေးပါတဲ့ အချက်က သူ့ရဲ့ တည်ဆောက်မှုတွေမှာ FSG ထံက ပံ့ပိုးမှုတွေကို ကလော့ပ်က သဘောကျပါတယ်။ အခုစာချုပ်ကိစ္စအတွက် ညိနှိုင်းချိန်မှာ ဆာလာ၊ မာနေးတို့ရဲ့ စာချုပ်ကိစ္စ ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဖာမင်နို၊ ကိတ်တာတို့ကိုလည်း စာချုပ်သစ်ပေးဖို့ မီလ်နာကိုလည်း တစ်နှစ် ထပ်တိုးပေးဖို့ ကလော့ပ်က တောင်းဆိုထားပါတယ်။ ဒါကတော့ နောက်ပိုင်းမှာ ကလပ်နဲ့ ကစားသမား အေးဂျင့်တွေ ဆက်ရှင်းပါလိမ့်မယ်။

အန်ဖီးမှာ ရှိတဲ့ ကာလတစ်လျှောက်မှာ လီဗာပူးအသင်းပိုင်ရှင်တွေက ကလော့ပ်ကို အမြဲတမ်း လေးစားမှု ပေးခဲ့ပါတယ်။ ဒီအချက်ဟာ စာချုပ်သစ် သက်တမ်းတိုးဖို့ ကလော့ပ် ထည့်သွင်း စဉ်းစားတဲ့ အဓိက အချက်ဖြစ်လာပါတယ်။

ကလော့ပ်က အသင်းလူစာရင်းအတွက် ဆက်ပြီး ထောက်ပံ့ပေးဖို့ FSG ကို တောင်းဆိုထားတယ်။ ဘယ်လင်ဟမ်နဲ့ ချူအာမီနီလို အလားအလာရှိ ကစားသမားတွေ အသင်းထံ ရောက်လာရေး အသင်းဘက်က ကြိုးစားမှာဖြစ်ပါတယ်။ အစစအရာရာ ပြည့်စုံနေပြီး အသင်းအခြေအနေတွေကလည်း သိပ်ကောင်းပါတယ်။ ဒါပေမယ့် လီဗာပူးပိုင်ရှင်တွေဟာ တိုင်းပြည်တစ်ခု ပိုင်ဆိုင်သူတွေ၊ ရေနံသူဌေးတွေ မဟုတ်ဘူးဆိုတဲ့ အချက်ကို ကလော့ပ်က နားလည်ပါတယ်။

လီဗာပူးသတင်းထောက် David Maddock က လီဗာပူးအသိုင်းအဝိုင်းနဲ့ ကလော့ပ်တို့ရဲ့ အသင်းပိုင်ရှင်တွေအပေါ် နားလည်ထားတဲ့ ပုံစံကို အခုလို မှတ်ချက်ပေးပါတယ်။

FSG ဟာ အားကစားပိုင်းမှာ ရင်းနှီးမြုပ်နှံပြီး ဖြစ်နိုင်သလောက် ငွေများများရှာတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ သူတို့တွေဟာ အသုံးစရိတ်နည်းပေမယ့် ကွင်းတွင်း အောင်မြင်ရေးဆိုတဲ့ ခက်ခဲတဲ့ လုပ်ငန်းစဉ်တွေကို ဦးဆောင်နေပြီး အားကစားပိုင်းတွေမှာ ကိုယ်ပိုင်ငွေကို အများကြီး ထုတ်မသုံးကြပေမယ့် ပျော့ပျောင်းတဲ့ စီးပွားရေးသမားတွေဖြစ်တယ်။ သူတို့က လောဘကြီးတဲ့ ပိုင်ရှင်မျိုးတွေ မဟုတ်ကြဘူး။

ကလော့ပ် ကိုယ်တိုင်ကတော့ လူတွေကို ယုံကြည်တယ်။ လူထုအား၊ ပရိသတ်အားကို ယုံကြည်တယ်။ လူတွေရဲ့ ကောင်းမှုကို ယုံကြည်တယ်။ အဲ့တာတွေကပဲ သူကို မန်နေဂျာကောင်း ဖြစ်စေခဲ့တယ်လို့ ယုံကြည်ပြီး ဒါကြောင့်ပဲ လီဗာပူးနဲ့ စာချုပ်သက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။