စကော်တလန်လိဂ်ရဲ့ အကောင်းဆုံး လူငယ်ကစားသမားကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ လူငယ် မျိုးဆက်သစ်တွေကို ခေါ်ယူဖို့ ကြိုးစားနေပြီး Brexit အပြီးမှာတော့ ပြည်တွင်း လူငယ်တွေကို အသင်းအတွက် လက်မှတ်ထိုးနိုင်ဖို့ အာရုံစိုက်နေပါတယ်။

ဒီနွေမှာ ကာဗယ်ဟို အသင်းထံ ပြောင်းလာမှာ ဖြစ်သလို ဂေါ်ဒန်နဲ့ အယ်လီးယော့တို့ကို ပိုင်ဆိုင်ထားတဲ့ လီဗာပူးဟာ စိတ်လှုပ်ရှားဖွယ် လူငယ်မျိုးဆက်ကို အသင်းအတွက် စုဆောင်းနေတာပါ။ လီဗာပူးရဲ့ နောက်ထပ် ပစ်မှတ်ထဲမှာတော့ ညာအစွန်နေရာအတွက် ပါဝင်လာပါတယ်။

The Times သတင်းထောက် Paul Joyce ရဲ့ ဖော်ပြမှုအရ စကော်တလန်လိဂ် အက်ဘာဒင်ကလပ်မှ အသက် ၁၈ နှစ်အရွယ် ညာအစွန်လူ ကယ်ဗင် ရမ်ဆေးကို လီဗာပူးအသင်း စိတ်ဝင်စားနေတယ်လို့ သိရတယ်။ သူ့ကို ခေါ်ယူရေးမှာ လီဗာပူးအသင်းနဲ့ လိဒ်တို့က ဦးဆောင်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။

၁၆ နှစ်သား အရွယ်မှာတည်းက စီနီယာ ပွဲဦးထွက်ခဲ့တဲ့ ရမ်ဆေးဟာ စကော်တလန် ဘောလုံးသတင်းထောက်တွေ မဲပေး ရွေးချယ်တဲ့ စကော့လိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိထားသူဖြစ်တယ်။ သူဟာ ဒီရာသီမှာ စကော်တလန် ကလပ်အတွက် ပွဲပေါင်း ၃၂ ပွဲ ကစားပြီး ဂိုးထောက်ပံ့မှု ၉ ကြိမ် လုပ်ပြထားနိုင်ပါတယ်။ ဒါ့အပြင် သွင်းဂိုး ၁ ဂိုးလည်း ရယူထားတာဖြစ်တယ်။

စကော့လိဂ်ရဲ့ အရည်အသွေးမြင့် ကြယ်ပွင့်လေးဟာ လီဗာပူး ညာအစွန်လူ ထရန့်ကို စံထားသူ တစ်ဦးလည်းဖြစ်တယ်။

သူကပဲ “ ကျနော် အဖေ ဂရေဟမ်က ထရန့်နဲ့ ဝေါ်ကာတို့လို ကစားသမားဖြစ်လာဖို့ အများကြီး ကူညီပေးပါတယ်။ သူတို့ရဲ့ ဗီဒီယိုတွေကို ကြည့်ပြီး ပွဲတွေမှာ သူတို့လို ကြိုးစား ကစားကြည့်ပါတယ်။ အစွန်လူတစ်ယောက်အဖြစ် ကျနော်က ထရန့်ရဲ့ ဖြတ်တင်ဘောတွေနဲ့ သူ့ရဲ့ နည်းစနစ် အားသာချက်တွေကို အမြဲ လေ့လာပါတယ်။

အကယ်လို့ ထရန့်လို အဆင့်အတန်းကို ရောက်နိုင်ခဲ့မယ်ဆိုရင် အဲ့တာက ဆုလာဘ်ပါပဲ။ ကျနော် စိတ်ထဲမှာတော့ ထရန့်က နည်းစနစ်ပိုင်း သိပ်ကောင်းတ့သူပါ။ သူက ညာအစွန်ကနေ ရွေ့လျား ကစားပြီး တိုက်စစ်လိုက်ပုံ ကောင်းမွန်သလို ခံစစ်ကာကွယ်ပုံလည်း ကောင်းမွန်ပါတယ်။ သူ့တဝက်လောက် ကောင်းရင်ကို ကျနော်တော့ ပျော်နေမိပါလိမ့်မယ် ” လို့ ဝန်ခံထားတာဖြစ်တယ်။

လီဗာပူးအသင်းဟာ ထရန့်နေရာမှာ ဂိုးမက်စ်ကို အရန်အဖြစ် သုံးနေတာဖြစ်တယ်။ ယခင်က ထရန့်ရဲ့ အရန်ဖြစ်သူ နီကိုးကတော့ ချန်ပီယံရှစ်ကလပ် ဖူလ်ဟမ်ကို အငှားထွက်ပြီး အောင်မြင်ခဲ့တာကြောင့် ဒီနွေမှာ အသင်းကို ပြန်ရောက်လာရင် အပြီးသတ်နဲ့ ထွက်ခွာဖို့ ကြိုးစားဖွယ် ရှိနေတာ ဖြစ်ပါတယ်။