လီဗာပူး ခေါ်ယူသင့်တဲ့ ဟာလန်းလို အရည်အချင်းရှိ တိုက်စစ်မှူးကို မက်မန်နာမန်း ထုတ်ဖော်

လီဗာပူးကစားသမားဟောင်း စတိဗ် မက်မန်နာမန်းက မန်စီးတီးက ဒီနွေမှာ ဒေါ့မွန်က ဟာလန်းကို ခေါ်ယူမယ်ဆိုရင် လီဗာပူးကလည်း ဘင်ဖီကာမှ နူညက်ကို ခေါ်ယူလိုက်တာဟာ အကျိုးဖြစ်တဲ့ အပြောင်းအရွှေ့ ဖြစ်နိုင်တယ်လို့ ယုံကြည်နေပါတယ်။

နူညက်နဲ့ ဟာလန်းတို့ဟာ ဥရောပရဲ့ အလားအလာ အရှိဆုံးသော လူငယ် အထောင်တိုက်စစ်သမားတွေထဲက နှစ်ဦးဖြစ်ပါတယ်။ နူညက်ဟာ ဒီရာသီမှာ ပေါ်တူဂီလိဂ်ကလပ် ဘင်ဖီကာအတွက် ပြိုင်ပွဲစုံ ၃၈ ပွဲ ကစားထားပြီး ၃၁ ဂိုးထိ သွင်းယူထားနိုင်တယ်။

လီဗာပူးနဲ့ မန်စီးတီး နှစ်သင်းလုံးမှာ ကစားခဲ့တဲ့ မက်မန်နာမန်းက နူညက်အတွက် ယူရို သန်း ၆၀ လောက်ပေးရမယ်ဆိုရင် ခေါ်ယူလိုက်ဖို့ လီဗာပူးကို တိုက်တွန်းခဲ့တယ်။ သူကတော့ ဒီခေါ်ယူမှုဟာ မန်စီးတီးက ဟာလန်းကို ခေါ်ယူမှာမျိုး စိတ်လှုပ်ရှားစရာ ဖြစ်စေနိုင်တယ်လို့ မြင်ပါတယ်။

မက်မန်နာမန်းက ” ဒီရာသီမှာ နူညက် ထံကနေ အများကြီး မြင်ထားရတယ်။ သူက တိုးတက်ဖို့ လိုနေသေးပေမယ့်လို့ မှန်ကန်တဲ့ အရည်အချင်းတွေ ပိုင်ဆိုင်ထားပါတယ်။ လီဗာပူးနဲ့ပွဲတုန်းက စွမ်းဆောင်ရည် ကောင်းခဲ့သလို ဒီရာသီတစ်လျောက်လုံး သူ့ကို စောင့်ကြည့်နေခဲ့မှုမှာ အတော်လေး အထင်ကြီးဖို့ ကောင်းပါတယ်။

သူက ဥရုဂွေးကလာတဲ့ ငယ်ရွယ်တဲ့ ကောင်လေးဖြစ်တယ်။ သင့်တင့်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ဘင်ဖီကာထံ ရောက်လာခဲ့ပြီး တိုးတက်လာတာကို မြင်ရပါတယ်။ ဒီအတိုင်း ဆက်လုပ်မယ်ဆိုရင် သူက သိပ်ကောင်းတဲ့ ကစားသမားဖြစ်လာနိုင်ပါတယ်။

သူက ၂၂ နှစ်ပဲ ရှိသေးတယ်၊ သန်မာပြီး ဂိုးတွေ သွင်းယူနိုင်တယ်။ ဒီအသက်အရွယ်မှာတင် ဂိုးတွေ သွင်းယူနိုင်တဲ့ အမြင်ကောင်းကို ပိုင်ဆိုင်ထားပါတယ်။ ကျနော်ကတော့ သူ့ကို ခေါ်ယူဖို့ဆိုရင် ပေါင် ၄၀-၅၀ သန်းကြား ကုန်ကျမယ်လို့ ထင်ပါတယ်။ သူသွင်းခဲ့တဲ့ ဂိုးတွေအရ ဘင်ဖီကာက ဒီထက်ပိုပြီးတော့ လိုချင်ပါလိမ့်မယ်။

သူ့ကို ခေါ်ယူခြင်းဟာ စွန့်စားမှုကြီးမယ့် ကိစ္စလို့ ကျနော်တော့ မထင်ပါဘူး။ အာဆင်နယ်၊ နယူးကာဆယ်နဲ့ ယူနိုက်တက်တို့က အထောင်တိုက်စစ်သမား ခေါ်ယူဖို့ လိုနေပါတယ်။ သူ့အတွက် တန်ကြေးက မကြီးပါဘူး။ လီဗာပူးက ဒီယက်စ်ကို ပေါင် သန်း ၄၀ နဲ့ ခေါ်ယူထားပြီး သူက ပေါ်တူဂီလိဂ်က အလားအလာရှိတဲ့ နောက်ထပ် ကစားသမားတစ်ဦးပါ။

သူ့အတွက် ယူရို သန်း ၆၀ လောက် ကုန်ကျမယ်ဆိုရင် အဲ့တာက အသက် ၂၂ နှစ်အရွယ် ကစားသမား တစ်ယောက်အတွက် စွန့်စားမှုကြီးတဲ့ ပမာဏလို့ ကျနော်တော့ မထင်ပါဘူး။ သူက ဆာလောင်နေတဲ့ လူငယ်လေးဖြစ်ပြီး လီဗာပူးကို ပြဿနာတွေ အများကြီး ပေးနိုင်ခဲ့ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။