ဒီကနေ့ည လီဗာပူးနဲ့ ချန်ပီယံလိဂ်ပွဲမှာ သူတွေ့ဖို့ မစောင့်နိုင် ဖြစ်နေရသူကို မိုရီနို ဖွင့်ဟ

ဗီလာရီးရဲလ် ဘယ်အစွန်လူ မိုရီနိုက ဒီကနေ့ အန်ဖီးထံ လာရောက်မယ့် ချန်ပီယံလိဂ်ပွဲမှာ လာလီဂါကလပ်နဲ့အတူ လိုက်ပါလာမှာဖြစ်ပြီး သူတွေ့ချင်တဲ့သူ တစ်ဦး ရှိနေပါတယ်။

မတ်လတုန်းက ACL ဒဏ်ရာ ရခဲ့တာကြောင့် ဘယ်အစွန်လူဟာ ရာသီကုန်ထိ ဘောလုံး မကစားနိုင်တော့ပါဘူး။ ဒါပေမယ့်လည်း အသင်းဟောင်း လီဗာပူးနဲ့ ဗီလာရီးရဲလ်တို့ တွေ့ဆုံချိန်မှာ သူလည်း လိုက်ပါလာမှာဖြစ်ပြီး မန်နေဂျာဟောင်းဖြစ်သူ ကလော့ပ်နဲ့ ကွင်းအတွင်း တွေ့ဆုံမယ်ဆိုရင် ပွေ့ဖက်မိမှာပါလို့ ထုတ်ပြောခဲ့တယ်။

မိုရီနိုက “ ကျနော်နဲ့ ကလော့ပ်ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ လီဗာပူးမှာ ကျနော်ရဲ့ ကစားချိန် နည်းခဲ့တယ်ဆိုပေမယ့် သူက ကမ္ဘာအကောင်းဆုံး နည်းပြတွေထဲက တစ်ယောက်ပါပဲ။ သူလုပ်နေတာတွေ အားလုံးက ကြီးမားလှတဲ့ ကိစ္စထူးတွေ ဖြစ်ပါတယ်။

အန်ဖီးမှာ သူ့ကို မြင်တွေ့ရမယ်ဆိုရင် ကျနော်ကတော့ ပွေ့ဖက်မိမှာပါ။ သူနဲ့လည်း စကားတွေ ပြောဖြစ်ပါမယ်။ ဘာလို့လဲဆိုတော့ ကစားခွင့်တွေ အများကြီး မပေးနိုင်ခဲ့ပေမယ့် ကလော့ပ်က အမြဲတမ်း ကျနော်ကို ကောင်းကောင်း ဆက်ဆံပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

အသက် ၅၄ နှစ်အရွယ် လီဗာပူးနည်းပြဟာ ဘယ်အစွန်အတွက် ပုံမှန် ပွဲထွက်ခွင့်မျိုး မပေးခဲ့ပေမယ့်လို့ ကစားသမားတစ်ယောက် အနေနဲ့ကော လူပုဂ္ဂိုလ် တစ်ယောက် အနေနဲ့ပါ များစွာ ခွန်အားဖြစ်စေတယ်လို့ စပိန်ဘယ်အစွန်လူက ပြောပါတယ်။

“ နည်းပြတစ်ယောက် အနေနဲ့ သူက ကစားသမားတွေနဲ့ နီးနီးကပ်ကပ် ရှိသူပါ။ တချိန်လုံးမှာ သူက ဘာတွေ ပြောရမယ်ဆိုတာ သိသူဖြစ်တယ်။ ကစားသမား အနေနဲ့တင် မဟုတ်ဘဲ လူတစ်ဦးချင်းအရပါ လုံ့ဆော်မှုတွေ ဘယ်လို လုပ်ပေးရမယ်ဆိုတာ ကောင်းကောင်းသိပါတယ် ” လို့ မိုရီနိုက ဆက်ပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ယာဂင်ကလော့ပ်ရဲ့ အစောပိုင်းနှစ်တွေမှာ မိုရီနိုကို နေရာပေးခဲ့ပေမယ့် နောက်ပိုင်းမှာ မီလ်နာနဲ့ အစားထိုးခံခဲ့ရတယ်။ ရော်ဘတ်ဆန် တောက်ပလာချိန်မှာ စပိန်အသားရဲ့ အနာဂတ်ဟာ ဝေဝါးလာခဲ့ပြီး ၂၀၁၉ ချန်ပီယံလိဂ် အောင်မြင်ပြီးနောက် နွေမှာတော့ လာလီဂါကို အလွတ်ဖြင့် ပြန်သွားခဲ့တာပဲ ဖြစ်ပါတယ်။