အန်ဖီးမှာ ခမ်းခမ်းနားနား ကစားပြပြီး ဗီလာရီးရဲလ်ကို သက်သက်သာသာ အနိုင်ယူတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ဗီလာရီးရဲလ်ကို အန်ဖီးကွင်းမှာ ဧည့်ခံကစားပြီး ဟန်ဒါဆန်၊ မာနေးတို့ရဲ့ ဒုတိယပိုင်း သွင်းဂိုးတွေနဲ့အတူ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာတော့ မျှော်လင့်ထားတဲ့အတိုင်း ခံစစ်မှာ ကိုနတေး၊ ကွင်းလယ်မှာ သီယေဂို၊ ဖာဘင်ညို၊ ဟန်ဒါဆန်အတွဲတို့ကို ထုတ်သုံးခဲ့တယ်။ တိုက်စစ်မှာတော့ ဆာလာနဲ့ မာနေးကို ဒီယက်စ်နဲ့ တွဲပေးပြီး မြန်နှုန်းမြင့် တိုက်စစ်ပုံစံကို အရှိန်ပြင်းပြင်း ကစားစေခဲ့တာဖြစ်တယ်။ ဒီပွဲမှာ ပွဲထွက်လာတဲ့ ကစားသမား အားလုံး ကြံ့ခိုင်မှု ကောင်းနေတာက ကျေနပ်စရာပါပဲ။

ပွဲစကတည်းက လီဗာပူးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ရယူခဲ့ပြီး မြန်မြန်ဆန်ဆန် ထိုးဖောက် ကစားမှုနဲ့အတူ ပွဲကို ထိန်းချုပ်ထားခဲ့ပါတယ်။ ဗီလာရီးရဲလ်အသင်းကတော့ စုဖွဲ့မှုကောင်းကောင်းနဲ့ ဧရိယာတဝိုက် မာမာထန်ထန် တုန့်ပြန်ခြင်းနဲ့အတူ လီဗာပူးကို ရင်ဆိုင်ခဲ့တယ်။ လာလီဂါကလပ်ဟာ မကြာခဏ လဲကျမှုတွေနဲ့အတူ အချိန်ဆွဲတဲ့ အပြုအမှုတွေလည်း ပြုလုပ်ခဲ့တာကို မြင်ရပါတယ်။

ပထမပိုင်းမှာတော့ လီဗာပူးရဲ့ ကစားဟန်ဟာ ကြွတက်နေခဲ့ပြီး မြန်နှုန်းမြင့်မြင့် ကစားနိုင်တာက အားရဖို့ ကောင်းပါတယ်။ အသင်းရဲ့ အရှိန်က အရမ်းမြင့်ပေမယ့် တိုက်စစ်ပိုင်းမှာ အဆုံးသတ်ပိုင်း အနည်းငယ် လိုအပ်ချက်တွေ ရှိနေလို့ သွင်းဂိုးတွေရေရေး ရုန်းကန်ခဲ့ရတာဖြစ်တယ်။ အစွန်တွေကို အသုံးချမှုကော ဧရိယာထဲ ဝင်ရောက်ပုံတွေပါ အတော်လေး ကောင်းခဲ့ပါတယ်။

အခွင့်အရေးကြီးတွေအကြောင်း ပြောရရင် မာနေး အပိုင် ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် ခေါင်းမချိုးခင် ဘောလုံးနဲ့ သွားထိခဲ့တာက ဂိုးပေါက်နဲ့ လွဲသွားစေခဲ့ပါတယ်။ ဒီယက်စ်ရဲ့ ကန်ချက် ၂ ကြိမ်လောက်က အတော်လေး ကောင်းခဲ့ပြီး ပြင်းထန် အားပါတာကြောင့် ဗီလာရီးရဲလ်ဂိုးသမား ပုပ်ထုတ်တာကလွဲလို့ အခြား ရွေးချယ်စရာ မရှိပါဘူး။ ဆာလာ အခွင့်အရေး ၂ ကြိမ်ထက်မနည်း ရပေမယ့် ဂိုးဘာတွေ ကျော်နေခဲ့ပါတယ်။ သီယေဂိုရဲ့ ကန်ချက်က တိုင်ထိခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း လီဗာပူးက တူညီတဲ့ ပုံစံနဲ့ပဲ ပွဲထွက်လာပြီး ညာခြမ်းကို သိသိသာသာ အားပြုလာခဲ့တယ်။ ထရန့်ရဲ့ ပေးချက်တွေက မှော်ဆန်လွန်းပြီး အတော်လေး အထောက်အကူ ဖြစ်ပေမယ့် သူကနေ တစ်ဆင့် သွင်းဂိုးတွေ မရခဲ့ပါဘူး။ ရမယ့်ရတော့ ညာခြမ်းကနေ ဟန်ဒိုရဲ့ ဖြတ်တင်ဘောက ဂိုးသမား ပုပ်ပေမယ့် ဂိုးထဲ ဝင်သွားခဲ့တယ်။

မိနစ်ပိုင်းအကြာ ထရန့်၊ ဆာလာတို့ရဲ့ တွဲဘက်မှုကနေ ဆာလာ ဖန်တီးပေးမှုကို မာနေးက အကောင်းဆုံး ပိတ်သွင်းပြီး ဒုတိယ ဦးဆောင်ဂိုး ရယူပါတယ်။ ဒီပွဲမှာ ထူးခြားချက်က သွင်းဂိုး ၂ ဂိုးရသွားချိန်ထိ အယ်လီဆန်ကို သိပ်မတွေ့ရခြင်းပါပဲ။ ဘောလုံးက လီဗာပူး ဂိုးပေါက်နားကို မရောက်ခဲ့ပါဘူး။

ဒီနေ့မှာ ကွင်းလယ်အတွဲဖြစ်တဲ့ ဖာဘင်ညို၊ သီယေဂို၊ ဟန်ဒါဆန်တို့ဟာ ဒီပွဲအတွက် ပြည့်စုံလှပြီး ဟန်ဒါဆန်ရဲ့ ဖိအားပေးမှု၊ သီယေဂိုရဲ့ ဘောလုံးဖြန့်ဝေမှုနဲ့ ဖာဘင်ညိုရဲ့ ပြိုင်ဘက် ကစားကွက် တည်ဆောက်မှုတွေကို ဖျက်ဆီးမှုတွေက ဟန်ချက်ညီခဲ့တယ်။ အထူးသဖြင့် သီယေဂိုရဲ့ ဘောလုံးပေးချက်တွေက အတော်လေး သပ်ရပ်ခဲ့ပါတယ်။

ဦးဆောင်ဂိုးတွေ ရအပြီးမှာ လီဗာပူးက ကစားအားချပြီး ပွဲထိန်းခဲ့ပါတယ်။ ၃ ရက်မပြည့်ခင်မှာ ပရီးမီးယားလိဂ် အဝေးကွင်းပွဲ ကစားရမှာမို့ ကစားသမားတွေကို ကြံ့ခိုင်မှု ထိန်းသိမ်းရေး လူစားလဲမှုတွေကိုပါ ဆက်တိုက် လုပ်ခဲ့တယ်။ မာနေးနဲ့ ဟန်ဒါဆန်နေရာ ဂျိုတာနဲ့ ကိတ်တာ လူစားဝင်ပြီး ထပ်ပြီး ထရန့်နဲ့ ဒီယက်စ်နေရာ ဂိုးမက်စ်နဲ့ အိုရီဂီတို့ အစားဝင်ပါတယ်။

နောက်ပိုင်း မိနစ်တွေမှာ လီဗာပူးက သီယေဂိုကို ဗဟိုပြုပြီး ပွဲကို ထိန်းချုပ်ကစားရင်း အန်ဖီးကွင်းမှာ ၂-၀ ဆိုတဲ့ ရလဒ်ကို ရယူခဲ့တာပဲ ဖြစ်ပါတယ်။