အန်ဖီးမှာ မိနစ် ၉၀ ကစားရတာဟာ ငရဲကျသလိုပဲလို့ သတိပေးတဲ့ ဗီလာရီးရဲလ် ကွင်းလယ်လူ

ဒီကနေ့ညမှာတော့ လာလီဂါကလပ် ဗီလာရီးရဲလ်အသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်အဖြစ် အန်ဖီးကွင်းထံ လာရောက်ပြီး ယှဉ်ပြိုင် ကစားကြပါလိမ့်မယ်။

ဗီလာရီးရဲလ်မှာ ပရီးမီးယားလိဂ် ကစားသမားဟောင်းတွေ များစွာ ရှိနေကြပြီး အဲ့ထဲက တစ်ယောက်ကတော့ စပါးနဲ့ ဝတ်ဖိုဒ့်အသင်း ကစားသမားဟောင်း ကာပူးလ်ပဲ ဖြစ်ပါတယ်။ မနှစ်ကရာသီ ရာသီဝက်မှာ ဗီလာရီးရဲလ်ကို အငှားထွက်မှု မတိုင်ခင် သူဟာ အင်္ဂလန်လိဂ်မှာ ၈ နှစ် ဝန်းကျင် ကျင်လည်ခဲ့သူဖြစ်တယ်။

ကာပူးလ်ကတော့ အင်္ဂလန်မှာ အန်ဖီးကွင်းဟာ ကစားရ အခက်ဆုံး ကွင်းဖြစ်ကြောင်း အသင်းဖော်တွေကို သတိပြန် နွေးပေးခဲ့ပြီး ပြိုင်ဘက်ကို စိတ်ဆင်းရဲအောင်၊ ပွဲကို အပြတ်ဖြတ်အောင် အားထုတ်မယ့် လီဗာပူးကြောင့် ငရဲလို မိနစ် ၉၀ ကို ကစားရမယ်လို့ ပြင်းပြင်းထန်ထန် သတိပေးခဲ့ပါတယ်။

ကာပူးလ်က “ ကျနော် အင်္ဂလန်မှာ ကစားတုန်းက သွားကစားဖို့ မသင့်ဆုံးသော ကွင်းဖြစ်ပါတယ်။ သူတို့ကွင်းရဲ့ အားပေးပုံ အငွေ့အသက်ကြောင့်ကော သူတို့ရဲ့ ကစားပုံအရပါ အဲ့မှာ မိနစ် ၉၀ ကစားရတာက ငရဲကျသလိုပါပဲ။

သူတို့က ကိုယ်ဘာသာ ကျော်လွှာနိုင်းတဲ့ အရည်အချင်းရှိသလို ကွင်းရဲ့ ဘယ်နေရာမှာမဆို ပွဲချိန် တစ်ခုလုံးမှာ ပြဿနာတွေချည်း ပေးကြမှာဖြစ်ပါတယ်။ သူတို့က ဘယ်တော့မှ မရပ်ဘူး။ တစ်ချိန်လုံး ဒုက္ခတွေပေးနေတတ်ကြတယ်။

သူတို့က ဂိုးတွေပဲ သွင်းချင်သလို ဂိုးရပြီးရင်တောင် ထပ်ထပ် သွင်းဖို့ပဲ ကြိုးစားနေပါတယ်။ သူတို့က ပြိုင်ဘက်ကို လုံးဝ အလဲထိုးလိုတာပါ။ သူတို့က သူတို့အရှေ့မှာ ဘယ်သူပဲရှိရှိ ဘာနဲ့ပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ ဂရုစိုက်တာ မဟုတ်ပါဘူး။ ဘယ်ပြိုင်ဘက်ကိုမဆို အပြတ်ရှင်းဖို့ပဲ အာရုံစိုက်နေကြသူတွေပါ ” လို့ သတိပေးစကား ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒုတိယအကျော့ အဝေးကွင်းမှာ သွားကစားရမှာမို့ ဒီပွဲမှာ ရလဒ်ကြီး ယူနိုင်ဖို့ကို ကလော့ပ်နဲ့ အသင်းသားတွေက မျှော်လင့်နေပြီး လီဗာပူးရဲ့အင်အားကို ပြပေးကြလို့ ကလော့ပ်က တောင်းဆိုထားတာ ဖြစ်ပါတယ်။