စီနီယာအသင်းကနေ ယူ-၂၃ အသင်းထံ ဟာဗေး ပြောင်းရွှေ့ ကစားနေရခြင်း အကြောင်းရင်း

ဒီတလော လီဗာပူးကြယ်ပွင့် ဟာဗေး အယ်လီးယော့ဟာ စီနီယာအသင်းမှာ အခွင့်အရေး စောင့်ရမယ့်အစား ယူ-၂၃ အသင်းကို ဆင်းပြီး ပွဲတွေ သွားကစားနေပါတယ်။

ပွဲနေ့လူစာရင်းတွေမှာ ဟာဗေး မပါနိုင်လို့ သူ့အခြေအနေကို မေးခွန်းထုတ်မှုတွေ ထွက်လာချိန်မှာပဲ ခြေကျင်းဝတ် ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ၁၉ နှစ်အရွယ် ကွင်းလယ်လူဟာ ပွဲထိတွေ့ခွင့်တွေရပြီး မန်နေဂျာကလော့ပ် ခေါ်ယူချိန်မှာ အဆင်သင့်ဖြစ်နေဖို့ ယူ-၂၃ ကို ကိုယ်သဘောနဲ့ကိုယ် ဆင်းကစားနေတာလို့ သိရပါတယ်။

ဒါပေမယ့်လို့ ဟာဗေးဟာ စီနီယာအသင်းအတွက် မကစားပေးနိုင်လောက်တဲ့ အဆင့်ထိတော့ ယူ-၂၃ အသင်းမှာ သွားကစားနေတာ မဟုတ်ဘဲ ၄၅ မိနစ်တွေလောက်ပဲ ဝင်ကစားနေတာပါ။ ဧပြီလထဲမှာ သူဟာ ယူ-၂၃ အသင်းအတွက် ၄၅ မိနစ် ၂ ပွဲစာ သွားကစားပြီးခဲ့ပါပြီ။

“ ဟာဗေးနဲ့ ရိုင်းဝီလီယမ်တို့က သူတို့ရဲ့ ပွဲကစားချိန်တွေအတွက် ပွဲကစားလိုကြပါတယ်။ သူတို့က ပုံစံကောင်းတွေ ဆက်ရချင်တယ်။ မန်နေဂျာက ခေါ်ယူချိန်မှာ သူတို့က အဆင်သင့် ဖြစ်လိုနေကြပါတယ် ” လို့ ယူ-၂၃ နည်းပြ လွီတက်စ်က လီဗာပူးဝဘ်ဆိုဒ်ကို ပြောပြပါတယ်။

စီနီယာအသင်းမှာ ဆာလာ၊ ထရန့်တို့ရဲ့ ဦးဆောင်မှုနောက် လိုက်နေတဲ့ ဟာဗေးဟာ ပြင်းထန်တဲ့ ရည်မှန်းချက်တွေ ရှိသူဖြစ်တယ်။ ဒီရာသီမှာ သူဟာ စီနီယာအဆင့်မှာ ပွဲကစားခွင့်တွေ အများကြီး မရနိုင်တော့တာကို နားလည်ထားတယ်။ ဒါကြောင့်လည်း ပွဲကစားခွင့် မိနစ်တွေရဖို့ သူတတ်နိုင်တဲ့ နည်းလမ်းကနေ ရှာဖွေနေတာဖြစ်ပါတယ်။

“ အဲ့တာက ဒီအသင်းမှာ ရှိနေတဲ့ ကျနော်တို့ရဲ့ အကျင့်စရိုက်ပါပဲ။ ကောင်လေးတွေက ပွဲကစားချင်ပါတယ်။ သူတို့က နောက်တစ်ဆင့်ကို တက်နိုင်ဖို့ လိုအပ်တယ်ဆိုတာ နားလည်ထားကြတယ်။ ဟာဗေးရဲ့ ခံယူချက်နဲ့ စွမ်းဆောင်ရည်အတွက် သူ့ဘာသာကော ကလပ်ကိုပါ ကောင်းကောင်းကြီး အသိအမှတ် ပြုရပါမယ် ” ယူ-၂၃ နည်းပြက ဆက်လက် ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။