လီဗာပူးရဲ့ အကောင်းဆုံး ဗားရှင်းကိုမှ အနိုင်ယူချင်တာ လို့ ပွဲကြိုစိန်ခေါ်တဲ့ ဗီလာရီးရဲလ် နည်းပြ အမ်မရီ

ဗီလာရီးရဲလ် အသင်း မန်နေဂျာ အူနိုင်း အမ်မရီကတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်မှာ တွေ့ဆုံနေတဲ့ ကလော့ပ်ရဲ့ လီဗာပူးအသင်း ကို ကျော်ဖြတ်နိုင်ဖို့ သူ့ကို လှုံ့ဆော်နိုင်တဲ့ အားတစ်ခု ရှိနေကြောင်း ပွဲကြိုမှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် သူ့အသင်းဟာ ဒီအဆင့်မှာ ရောက်နေဖို့လည်း ထိုက်တန်တယ်လို့ ဆိုခဲ့ပါတယ်။

အာဆင်နယ် နည်းပြဟောင်းလည်း ဖြစ်တဲ့ အမ်မရီဟာ အင်္ဂလန်မြေမှာ ထိုစဉ်က မအောင်မြင်နိုင်ခဲ့ပေမယ့် ဗီလာရီးရဲလ်နဲ့ အတူ ဒီရာသီမှာ အသင်းကြီးတွေကို မထင်မှတ်စွာ ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ် အဆင့ိ ရောက်လာခဲ့တာပါ။

အမ်မရီက လက်ရှိ လီဗာပူးအသင်းဟာ ကလပ်အသင်းသမိုင်းမှာ အကောင်းဆုံး ဗားရှင်း၊ အကောင်းတကာ့ အကောင်းဆုံး အနေအထားကို ရောက်နေတယ် လို့ ဆိုလိုက်ပြီး ဒီလို အသင်းကိုမှ သူက အနိုင်ယူချင်စိတ် ပို ရှိလာမိကြောင်း ဆိုလာတာပါ။

” အန်းဖီးမှာ လီဗာပူးကို ရင်ဆိုင်ရတာ ဘယ်လောက် စိန်ခေါ်မှုကြီးလဲ ဆိုတာ ကျနော့် အတွေ့အကြုံတွေ အရ သိထားပြီးသားပါ။ သူတို့ လုပ်ဆောင်ထားတာတွေကို ကျနော် သတိထားမိသလို ကလော့ပ် တည်ဆောက်ထားတဲ့ အသင်း ကိုယ်ပိုင်ဟန် ကိုလည်း သဘောကျမိတယ်။

ဒါတွေက ကျနော့်အတွက် စိတ်ကို ပို လှုံ့ဆော်နိုင်တဲ့ ကိစ္စတွေ ဖြစ်လာတယ်။ အကောင်းတကာ့ အကောင်းဆုံး ဖြစ်နေတဲ့ လီဗာပူး ဗားရှင်းကိုမှ ကျနော်တို့ အနိုင်ယူဖို့ ကြိုးစားမှာပါ။ ကျနော်တို့ကလည်း ကိုယ့် အကောင်းဆုံး ပုံစံကို ထုတ်ပြမှာ။ ” လို့ အမ်မရီက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အူနိုင်း အမ်မရီဟာ အာဆင်နယ် နည်းပြဘဝ ပွဲဦးထွက် ရာသီမှာ ကလော့ပ်နဲ့ ၂ကြိမ် ထိပ်တိုက် ယှဉ်ပြိုင်ရဖူးပြီး အမ်းမရိတ် မှာ ၁-၁ သရေ၊ အန်းဖီးမှာတော့ ၅-၁ နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ဖူးပါတယ်။

ဒီရာသီ ဗီလာရီးရဲလ်နဲ့ အတူ ချန်ပီယံလိဂ်မှာတော့ အမ်မရီရဲ့ အဝါရောင် ရေငုတ်သင်္ဘောကြီးဟာ ချန်ပီယံလိဂ် အုပ်စုပွဲ ၆ ပွဲမှာ ၁ဝ မှတ် ရယူနိုင်ခဲ့သလို ရှုံးထွက် အဆင့်မှာ ဂျူဗင်တပ်၊ ကွာတားဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ် တို့ကို အနိုင်ယူ ကျော်ဖြတ်လာတဲ့ အသင်း ဖြစ်ပါတယ်။