ဒါဟာ အန်ဖီးဖြစ်တယ်၊ လီဗာပူးပရိသတ်တွေရဲ့ စမတ်ကျမှုကို ပြကြလို့ ကလော့ပ် တောင်းဆို

မနက်ဖြန်မှာ ယှဉ်ပြိုင်ရမယ့် အန်ဖီးကွင်းက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲဟာ ဗိုလ်လုပွဲကို ရောက်နိုင်ဖို့ ခြေတစ်လှမ် အလိုဖြစ်တာကြောင့် အစွမ်းကုန် အားထုတ်ပေးကြဖို့ ကလော့ပ်က တောင်းဆိုလိုက်ပါတယ်။

အဝေးကွင်းကို အရင်ကစားရတာကို ပိုလိုချင်ပေမယ့်လည်း မနက်ဖြန်ပွဲမှာ အပြည့်အဝ အားထုတ်မှုမျိုးနဲ့အတူ အသင်းနဲ့ ပရိသတ်ကြား ပေါင်းစည်းမှုကို ကလော့ပ်က အလိုရှိနေတယ်။ ဒါဟာ ဒီရာသီ ဗိုလ်လုပွဲကို သွားရောက်နိုင်ဖို့ နောက်ဆုံးအကြိမ် အန်ဖီးကွင်းကို အသုံးပြုရမှာမို့ တခဲနက် အားပေးမှုကို ကလော့ပ်က အလိုရှိနေတာဖြစ်ပါတယ်။

ပြိုင်ဘက်ဟာ ဂျူဗင်တပ်၊ ဘိုင်ယန်မြူးနစ်တို့ကို ဖြုတ်လာခဲ့တဲ့ အသင်းဖြစ်လို့ အန္တရာယ်ကြီးမားတာကို လီဗာပူးပရိသတ်တွေ နားလည်ထားမှာဖြစ်တယ်။ အတိတ်က ဗိုလ်လုပွဲတွေကို တက်ရောက်ဖို့ အန်ဖီးကွင်းရဲ ပြင်းပြတဲ့ ဆန္ဒ တောက်လောင်မှုတွေဟာ ဒီတစ်ကြိမ်မှာလည်း လိုအပ်လာခဲ့ပါပြီ။

ကလော့ပ်က “ မနက်ဖြန်မှာ ဘာရလဒ်ပဲထွက်ထွက် ဗီလာရီးရဲလ်ကို သွားတဲ့အချိန်မှာ မယုံနိုင်လောက်တဲ့ အားပေးမှုကြီးတွေကို မြင်ရမယ်ဆိုတာ ကျနော်တို့ သိတယ်။ ဒါကြောင့် မနက်ဖြန်ည အန်ဖီးကွင်းမှာ သိပ်ကောင်းတဲ့ အားပေးမှုကို ဖန်တီးကြရမယ်။

အဝေးကွင်းပွဲကို အရင်ကစားပြီး ထွက်လာတဲ့ ရလဒ်နဲ့အတူ အိမ်ကွင်းမှာ ပရိသတ်တွေနဲ့အတူ တိုက်ခိုက်ရတာက ပိုကောင်းပါတယ်။ ဒါပေမယ့် ဘာကိုဂရုစိုက်ရမှာလဲ? ဒါက ကျနော်တို့ ရင်ဆိုင်ရမယ့် အခြေအနေပဲလေ။

ကျနော်တို့ အကောင်းဆုံး ကစားနိုင်ဖို့ ကွင်းထဲက လူတိုင်းက အပြည့်အဝ ကူညီနိုင်ရေး သေချာအောင် လုပ်ရမယ်။ ကျနော်တို့ရဲ့ လီဗာပူးပရိသတ်တွေက စမတ်ကျတဲ့ ပရိသတ်တွေပါ။ သူတို့က ဘောလုံးပွဲတွေ ကြည့်ကြသလို ဗီလာရီးရဲလ်က ဘယ်လောက်တောင် သန်မာတယ်ဆိုတာ သိကြပါတယ်။

ဒါပေမယ့် မနက်ဖြန်ညမှာ ကျနော်တို့ ထိခိုက်ရမယ့် အခြေအနေတွေ ရှိနေဦးမှာဖြစ်တယ်။ ဒါကို အခုကတည်းက ကျနော် သိပါတယ်။ အဲ့အတွက် အဆင်သင့် ပြင်ဆင်ထားရမယ်။ တုန့်လှုပ်နေစရာ ဘာအကြောင်းမှ မရှိပါဘူး။

ဒါပေမယ့် ကျနော်တို့လည်း သူတို့ကို ဒုက္ခပေးနိုင်ပါတယ်။ ဒါက ကျနော်တို့ လုပ်ရမှာပဲ။ အားလုံး စုပေါင်းပြီး လုပ်ရပါမယ်။ ဒီတော့ အိမ်ကွင်း အားသာချက်ကို ကျနော်တို့ သုံးရပါမယ်။ ဘယ်လိုရလဒ် ထွက်မယ်တော့ မသိဘူး။ ဘာရလဒ်ထွက်ထွက် ဗီလာရီးရဲလ်မှာ ကျနော်တို့ သွားပြီး တိုက်ခိုက်ရဦးမှာပဲ။

ဘာလို့လဲဆိုတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရောက်ဖို့ဆိုရင် အစွမ်းကုန် တိုက်ခိုက်ရမှာဖြစ်တယ်။ ဒါကို ကျနော်တို့ ပြသရပါမယ် ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒုတိယအကျော့မှာ အဝေးကွင်း သွားကစားရမှာမို့ ပထမအကျော့မှာတည်းက ရလဒ်ကောင်းတစ်ခုကို ယူထားနိုင်ဖို့ လိုအပ်တာဖြစ်ပြီး ကလော့ပ်ကတော့ အန်ဖီးကွင်းကို နောက်တစ်ကြိမ် ဆင့်ခေါ်ခဲ့ပြီဖြစ်ပါတယ်။