အသင်းတိုင်းနဲ့ ကိုက်မယ့် ထိပ်တန်း ကစားသမားကို လီဗာပူးက ခေါ်ယူနိုင်ခြင်းမျိုး မဟုတ်ဘူးလို့ ဂျွန်ဘန်းစ် ရှင်းပြ

ဒီယက်စ်က အသင်းတိုင်းမှာ တူညီတဲ့ အရည်အချင်း ပြနိုင်မယ်ဆိုတာထက် လီဗာပူးအသင်းက ကိုယ်အသင်းနဲ့ ကိုက်ညီမယ့် ကစားသမားကို ရအောင်ရှာဖွေခဲ့တာပါလို့ လီဗာပူးဂန္တဝင် ဂျွန်ဘန်းစ်က ရှင်းပြခဲ့ပါတယ်။

မာဆေးဆိုဒ်မှာ တောက်ပတဲ့ ဘဝစတင်မှုအပြီး ပရီးမီးယားလိဂ်မှာ အပြည့်အဝ အံဝင်နိုင်မယ့် သူမျိုးကို လီဗာပူးက ဘယ်လိုတောင် ရှာဖွေခဲ့သလဲလို့ မေးခွန်းထုတ်ခံနေရတာပါ။ ဒီယက်စ်ဟာ သူရင်ဆိုင်ခဲ့ရတဲ့ အင်္ဂလန်ကလပ်တွေရဲ့ ခံစစ်ကြောင်းတိုင်းကို ခေါင်းကိုက်စရာတွေ ပေးခဲ့တာပါ။

မာဆေးဆိုဒ်ဒါဘီမှာ ဒီယက်စ် ပြသခဲ့တဲ့ စွမ်းဆောင်ရည်က ကြည့်ရှုသူတွေကို ဘဝင်ကျစေခဲ့ပြီး သူဟာ အမြင့်ခုန်ပြီး လေထဲမှာတင် ဘောလုံးကို ဖမ်းထိန်းလိုက်ပြီး နေမာ ပုံစံလိုမျိုး နောက်ခြေထောက်နဲ့ မြေပေါ်ချခဲ့တာက ပရိသတ်တွေကို ထိုင်ခုံကနေ ထရအောင်အထိ ဖြစ်စေခဲ့ပါတယ်။

ဒီယက်စ်ဟာ ပရီးမီးယားလိဂ် သမိုင်းမှာ အကောင်းဆုံး ရာသီဝက် ခေါ်ယူမှုတစ်ခုအဖြစ် သတ်မှတ်လို့ ရနိုင်တယ်လို့ တချို့က ပြောဆိုခဲ့ကြပြီး ဘန်းစ်ကတော့ ဒီယက်စ်က အသင်းတိုင်းမှာ အံဝင်နိုင်သူ ဆိုတာထက် လီဗာပူးက ကလပ်နဲ့ အံဝင်မယ့်သူကို ရှာနိုင်ခဲ့တာလို့ မြင်ပပါတယ်။

“ ဒီယက်စ်က ကြီးမားတဲ့ ဇန်နဝါရီ ခေါ်ယူမှု မဟုတ်ပါဘူး။ သူအတွက် ဒီလောက်ကြီး ကုန်ကျခဲ့တာ မဟုတ်ပါဘူး။ သူက အသင်းတစ်သင်းနဲ့ ပူးပေါင်းပြီး အခုလိုမျိုး အောင်မြင်နိုင်တယ်ဆိုတာ ယာဂင်ကလော့ပ်က သိလို့ ခေါ်ယူခဲ့တာပါ။ အသင်းကို ဆာလာ၊ မာနေးတို့ ရောက်လာခဲ့တုန်းကလိုမျိုးပါပဲ။

အသင်းအတွက် အုတ်အော်သောင်းတင်း ဖြစ်မနေခဲ့ပါဘူး။ ဒါက ကလော့ပ်ဟာ သူလိုချင်တဲ့ ကစားသမားမျိုးကို ကောင်းကောင်း ရွေးချယ်နိုင်တာပါပဲ။ အခြားအသင်းမှာဆို ဒီယက်စ်က လီဗာပူးမှာလို ကစားနိုင်မှာ မဟုတ်ဘူး။ မန်စီးတီးမှာ သူကစားနိုင်မှာ မဟုတ်သလို ရီးရဲလ်မက်ဒရစ်ကို ပြောင်းခဲ့ရင်လည်း အခု လီဗာပူးအတွက် ဆာလာ ကစားနေသလို သူလုပ်ပြနိုင်မှာ မဟုတ်ပါဘူး။

ဆာလာလည်း လီဗာပူးကနေ ထွက်သွားပြီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရင် လီဗာပူးအသင်းမှာ သူလုပ်ပြနေတဲ့ အကျိုးသက်ရောက်မှုမျိုး လုပ်နိုင်မယ်လို့ မထင်ပါဘူး ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဒီယက်စ်အတွက် လီဗာပူးဟာ ပေါင် ၃၇ သန်း + အပိုဆုကြေး ၁၂ သန်းသာ ကုန်ကျခဲ့ပြီး သူဟာ ဒီရာသီပြိုင်ပွဲစုံမှာ ၄ ဂိုးနဲ့ ဖန်တီးမှု ၃ ကြိမ် ပြန်လုပ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက ကလော့ပ်ရဲ့ ဒီယက်စ်အပေါ် မှတ်ချက်စကားတွေဟာ လူသစ်ခေါ်ယူမှုနဲ့ ပတ်သက်ပြီး ဘန်းစ်ရဲ့ သီအိုရီနဲ့ ကိုက်ညီပါတယ်။

“ လူးဝစ်ကို တွေ့တဲ့အချိန်မှာ သူက အသင်းနဲ့ ချက်ချင်း အံဝင်လိမ့်မယ်ဆိုတာ ကျွန်တော်တို့ သိခဲ့တယ်။ ဒါက ပုံမှန်အားဖြင့်တော့ တကယ်ကို ခက်ခဲပါတယ်။ ဒါပေမယ့် သူက ပြောင်းလဲဖို့ မလိုအပ်ခဲ့တာကြောင့် ကျွန်တော်တို့ ဒီမှာ တကယ်ကို ယုံကြည်မှုရှိတဲ့ ကောင်လေးတစ်ယောက် ရထားတာပါ ” လို့ ကလော့ပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။