လီဗာပူးအသင်းနဲ့အတူ နောက်တစ်ကြိမ် ချန်ပီယံလိဂ်ဖလား အောင်မြင်လိုတဲ့ ဆာလာ

မိုဆာလာက လီဗာပူးအသင်းနဲ့အတူ မယုံနိုင်လောက်အောင် ပျော်ရွှင်ရတဲ့ အတွေ့အကြုံကို နောက်တစ်ကြိမ် ခံစားနိုင်ဖို့အတွက် ဒီရာသီမှာ ချန်ပီယံလိဂ်ကို အောင်မြင်လိုတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

၂၀၁၉ တုန်းက မက်ဒရစ်မြေမှာ စပါးအသင်းကို ၂-၀ နဲ့ အနိုင်ရကာ လီဗာပူးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား အောင်မြင်ခဲ့တဲ့ ဆာလာဟာ ဒီအပတ်မှာတော့ လာလီဂါကလပ် ဗီလာရီးရဲလ်ကို ယှဉ်ပြိုင်မယ့် အသင်းအတွက် အားထုတ်ရဦးမှာပါ။ ဒီအဆင့်ကို ကျော်ဖြတ်နိုင်ရင် ဗိုလ်လုပွဲမှာ မန်စီးတီး (သို့) ရီးရဲလ်မက်ဒရစ်နဲ့ ထိပ်တိုက်တွေ့ရမှာဖြစ်ပါတယ်။

ဥရောပဖလားနဲ့ ပတ်သက်လို့ ဆာလာက ” ချန်ပီယံလိဂ်ဖလား အနိုင်ရတဲ့ ခံစားချက်ကို နောက်တစ်ကြိမ် ထပ်ရလိုတယ်။ ကျနော် အတွေးထဲမှာတော့ အဲ့တာက မယုံနိုင်လောက်တဲ့ ကိစ္စဖြစ်တာမို့ လီဗာပူးနဲ့အတူ ချန်ပီယံလိဂ်ဖလားကို နောက်တစ်ကြိမ် အနိုင်လိုပါတယ်။

အောင်ပွဲခံ ဘက်စ်ကားနဲ့အတူ လီဗာပူးမြို့ထဲ လည့်ပတ်ခဲ့တုန်းက ရခဲ့တဲ့ ခံစားချက်က မယုံနိုင်စရာပါပဲ။ ပရီးမီးယားလိဂ်ကလည်း မတူညီတဲ့ ဆုဖလားဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုဗစ် ကန့်သတ်ချက်တွေကြောင့် အကောင်းဆုံး အဆုံးမသတ်ခဲ့ဘူး။

ကျနော် ချန်ပီယံလိဂ်ဖလားကို ထပ်ပြီး အနိုင်ရချင်တယ်၊ ပရီးမီးယားလိဂ်ကိုလည်း အနိုင်ရချင်တယ်။ အခုချိန်မှာ အသင်းနဲ့အတူ ဒါကို လုပ်နိုင်ဖို့က ကျနော်ရဲ့ ပစ်မှတ်ပါပဲ ” လို့ ပြောဆိုခ့တာဖြစ်ပါတယ်။

ဒီရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး ၃၀ ရထားတဲ့ ဆာလာဟာ ဂိုးထောက်ပံ့မှုမှာလည်း ၁၃ ကြိမ် လုပ်ထားနိုင်ပါပြီ။ ဒါဟာ အသင်းဖော် ထရန့်ထက်တောင် ၁ ကြိမ် ပိုများသွားခဲ့ပြီဖြစ်ပါတယ်။ ဒီရာသီမှာ မနှစ်ကနဲ့စာရင် ဘယ်အပိုင်းကို တိုးတက်လာတယ် ခံစားရလားလို့ မေးခွန်း ထုတ်ခံရမှုကို အီဂျစ်သားက ပြန်ဖြေခဲ့ပါသေးတယ်။

ဆာလာက ” ကျနော်ရဲ့ ပွဲတွေက တိုးတက်လာနေပါတယ်။ ဒါပေမယ့် မနှစ်တုန်းက သွင်းဂိုး ၁၉ ဂိုး သွင်းယူခဲ့သလို ဂိုးထောက်ပံ့မှု ၁၀ ကြိမ် လုပ်နိုင်ခဲ့တယ်။ ပထမဆုံး ရာသီတုန်းကလည်း ဂိုးထောက်ပံ့မှု ၁၀ ကြိမ် လုပ်နိုင်ခဲ့တာပါပဲ။ ဂိုးသွင်းဖို့ကော အသင်းဖော်တွေကို ထောက်ပံ့ ပေးဖို့ပါ အမြဲတမ်း ကြိုးစားနေပါတယ်။

ဒါကြောင့်ပဲ ဒီရာသီမှာ ဘောလုံးနဲ့အတူ အများကြီး တိုးတက်လာတယ်လို့ ခံစားရတယ်။ ဒါပေမယ့် ပြောခဲ့တာကို ပြန်ဆက်ရမယ်ဆိုရင် အရေးကြီးဆုံးက အသင်း ဆုဖလားတွေ အောင်မြင်ရေး ကူညီပေးဖို့ပါပဲ။ အဲ့အတွက် အသင်းကို ကြိုးစားသွားမှာဖြစ်ပါတယ် ” လို့ ပြောဆိုသွားပါတယ်။