မာဆေးဆိုဒ်ဒါဘီပွဲအပြီး ပင်နယ်တီ မရလို့ အငြင်းလွန်ခဲ့တဲ့ လမ်းပတ်ကို အက်ဖ်အေ စစ်ဆေးမည်

အက်ဖ်အေက မာဆေးဆိုဒ်ဒါဘီပွဲမှာ အဲဗာတန်နည်းပြ လမ်းပတ်ရဲ့ ကွင်းလယ်ဒိုင်အပေါ် ပေးတဲ့မှတ်ချက်အတွက် စစ်မေးဖို့ ဆက်သွယ်လိုက်ထားပြီ ဖြစ်ကြောင်း The Athletic က ဖော်ပြခဲ့ပါတယ်။

အန်ဖီးကွင်းမှာ လီဗာပူးကို ၂-၀ နဲ့ အရေးနိမ့်အပြီး တန်းဆင်းဇုန်ကို ရောက်သွားခဲ့ခြင်းကို လမ်းပတ်က အတော်လေး စိတ်ပျက်နေခဲ့တာပါ။ အဲဗာတန် တောင်ပံသမား ဂေါ်ဒန်ကို မာတစ်က အနောက်ကနေ ဖျက်ထုတ်ခဲ့ကြောင်းနဲ့ အဲ့ဖြစ်ရပ်မှာ အဲဗာတန်အသင်း ပင်နယ်တီ ရသင့်ပါကြောင်း လမ်ပတ်က မကျေမနပ် ဖြစ်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လို့ ကွင်းလယ်ဒိုင် အတ်ဝဲလ်က အဆိုပါဖြစ်ရပ်ဟာ ပင်နယ်တီ မဟုတ်ဘဲ ဂေါ်ဒန်ရဲ့ ဟန်ဆောင်မှုအဖြစ်ပဲ သတ်မှတ်ခဲ့တယ်။ ပထမပိုင်းမှာကော ဒုတိယပိုင်းမှာပါ ဂေါ်ဒန်ရဲ့ ဖြစ်ရပ် နှစ်ခုလုံးကို VAR က စစ်ဆေးခဲ့ပြီးမှ ပင်နယ်တီ မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဂေါ်ဒန်ဟာ သူ့ရဲ့ များစွာသော ဟန်ဆောင်လဲချမှုတွေကြောင့် ဒိုင်လူကြီးရဲ့ ပစာပေးမှု မရခဲ့သလို မာတစ်နဲ့ ဂေါ်ဒန်ကြား ထိတွေ့မှုကို VAR ဒိုင်က စစ်ဆေးခဲ့ပြီး အဲ့ဖြစ်ရပ်ဟာ ကွင်းလယ်ဒိုင် ခေါ်ကြည့်ခိုင်းရလောက်တဲ့ ဖြစ်ရပ် မဟုတ်ဘူးလို့ သတ်မှတ်ပြီး ပွဲကို ဆက်ကစားစေခဲ့တာဖြစ်ပါတယ်။

“ အဲ့တာ ပင်နယ်တီပါ။ အကယ်လို့ သူတို့ဘက်က ဆာလာဆိုရင် ပင်နယ်တီ ရမှာပါ။ အခုတော့ အားလုံးက ပြီးသွားပါပြီ။ စိတ်ပျက်စရာပါ။ အဲ့တာက ရသင့်တဲ့ ပင်နယ်တီလို့ ထင်ပေမယ့် မရခဲ့ပါဘူး ” လို့ လမ်းပတ်က ဆိုသွားခဲ့သလို ကွင်းလယ်ဒိုင်ကို အပြစ်တင်ခဲ့တာ ဖြစ်ပါတယ်။

အဲဗာတန်ဟာ ပွဲအပြီးမှာတော့ ဒိုင်ချုပ်ထံကို ဂေါ်ဒန်ကိစ္စ ဘာလို့ ပင်နယ်တီ မဟုတ်သလဲလို့ စောဒက တက်ခဲ့တယ်။ အက်ဖ်အေကတော့ အဆိုပါဖြစ်ရပ်မှာ ဒိုင်နဲ့ VAR ရဲ့ ဆုံးဖြတ်ချက်က မှန်ကန်ခဲ့ကြောင်း နားလည်ထားတာနဲ့အတူ ဒိုင်လူကြီးအပေါ် စကားလွန်ခဲ့တဲ့ လမ်းပတ်ကို စစ်မေးသွားမှာ ဖြစ်ပါတယ်။ ဂေါ်ဒန်ရဲ့ လူမှုကွန်ယက်ပေါ်က စာတွေအပေါ်တော့ စစ်မေးမှာ မဟုတ်ဘူးလို့ သိရတယ်။

အဲဗာတန်ဟာ မန်စီးတီးကို ၁-၀ နဲ့ အရေးနိမ့်တဲ့ ပွဲတုန်းကလည်း ရိုဒရီရဲ့ လက်ထိဘော ဖြစ်ရပ်အတွက် ဒိုင်ချုပ်ထံ စောဒက တက်ခဲ့သေးပြီး ထိုစဉ်တုန်းကတော့ တရားဝင် တောင်းပန်မှုကို ရရှိခဲ့ပါတယ်။