အန်ဖီးမှာ လီဗာပူးပရိသတ်တွေ ကိုယ်တိုင် လေ့လာခွင့်ရမယ့် ကလပ်ရဲ့ ပစ်မှတ် ချူကွယ်ဇီ

ဗီလာရီးရဲ တောင်ပံကစားသမား ဆမ်မြူရယ် ချူကွယ်ဇီဟာ အလိုင်းယန့်ဇ်အေရီနာမှာ ဘိုင်ယန်ကို ရင်ဆိုင်ပြီး နောက်ကျသွင်းဂိုးနဲ့အတူ ဂျာမာန်ကလပ်ကို ချန်ပီယံလိဂ်ရဲ့ အကြီးမားဆုံး စိတ်ပျက်စရာတစ်ခုကို ပေးခဲ့ပြီးတော့ သူ့နာမည်ကို ရေးထွင်းခဲ့ပါတယ်။

အဝါရောင်ရေငုပ်သမား ကြယ်ပွင့်ဟာ ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ လူစားဝင်ကစားခဲ့ပြီး နောက်ဆုံး မျှော်လင့်ချက်ဖြစ်တဲ့ တန်ပြန်တိုက်စစ်ဆင်လှုပ်ရှားမှုကို အဆုံးသတ်ပေးခဲ့တာ ဖြစ်သလို ဗီလာရီးရဲလ်သမိုင်းမှာ ဒုတိယအကြိမ်အဖြစ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်စေခဲ့တာဖြစ်ပါတယ်။

ချူကွယ်ဇီဟာ အသင်းဖော်တွေကြားမှာ သဘောကျအားပေးမှုကို ရရှိထားပြီး သူ့ရဲ့ ဂုဏ်သတင်းက ပိုမို ထင်ရှားလာတော့မှာပါ။ အသက် ၂၂ နှစ်အရွယ် တောင်ပံကစားသမားဟာ ဗီလာရီးရဲလ်ရဲ့ အဆင့်သတ်မှတ်ချက် အမြင့်မားဆုံး လူငယ်ကြယ်တစ်ပွင့်ဖြစ်ပြီး လီဗာပူးအသင်းရဲ့ ပစ်မှတ်ထဲမှာလည်း ပါဝင်ထားပါတယ်။

၂၀၂၀ ဖေဖော်ဝါရီတုန်းက လီဗာပူးအသင်းဟာ ချူကွယ်ဇီကို ယူရို ၃၅ သန်းဖြင့် ကမ်းလှမ်းခဲ့ပေမယ့် ဗီလာရီးရဲလ်ဘက်က စာချုပ်ပါကြေး ယူရို သန်း ၆၀ ရလိုတယ်လို့ သတင်းထွက်ခဲ့တယ်။ အဲ့နောက်ပိုင်းမှာ သတင်းတွေ ငြိမ်သက်သွားခဲ့ပါတယ်။

နိုင်ဂျီးရီးယား လက်ရွေးစင်ဟာ ၂၀၁၉ မှာ အာဖရိက နေးရှင်းဖလား တတိယဆုရခဲ့တဲ့ နိုင်ငံအသင်းမှာ ပါဝင်ခဲ့ပြီး ပြည်တွင်းမှာရော ဥရောပမှာပါ ခိုင်မာတဲ့ နာမည်တစ်ခုကို တည်ဆောက်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် မြူးနစ်က သမိုင်းဝင်ညတစ်ညမှာ သူ့ရဲ့ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်က ပိုမို သတိပြုစရာ ဖြစ်လာခဲ့တယ်။

လာလီဂါကလပ်ရဲ့ လူငယ်အကယ်ဒမီထွက် ချူကွယ်ဇီဟာ ၂၀၁၈-၁၉ မှာ ပရော်ဖက်ရှင်နယ် ဖြစ်လာခဲ့ပြီး အဝါရောင် ရေတပ်သားတွေအတွက် ပြိုင်ပွဲစုံ ၃၈ ပွဲ ကစားပေးခဲ့တာပါ။ ၂၀၁၅ ဖီဖာ ယူ-၁၇ ကမ္ဘာ့ဖလား ရခဲ့တဲ့ နိုင်ဂျီးရီးယားရဲ့ အသင်းမှာ ပါဝင်ခဲ့တဲ့ ချူကွယ်ဇီဟာ ကြေးဖိနပ်ဆုကို ရရှိခဲ့ပြီး အဲ့နောက်ပိုင်း ကလပ်မှာ ခိုင်မာတဲ့ နာမည်တစ်ခုကို တည်ဆောက်ခဲ့ကာ နံပါတ် ၁၁ ဂျာစီကို ချီးမြှင့်ခံခဲ့ရပါတယ်။

ဗီလာရီးရဲလ်နဲ့ သူ့ရဲ့ တစ်ခုတည်းသာ အောင်မြင်မှုက မနှစ်က ယူရိုပါလိဂ်ဖလား ဖြစ်ပေမယ့် သူဟာ အာဆင်နယ်နဲ့ ဆီမီးဖိုင်နယ်မှာ ပြင်းထန်တဲ့ ဒဏ်ရာရခဲ့တဲ့နောက် ဖိုင်နယ်ပွဲမှာ ပါဝင်ဖို့ အခွင့်အရေးနဲ့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။

ညာတောင်ပံ တိုက်စစ်သမား စစ်စစ်ဖြစ်ကာ တိုက်စစ်ပိုင်း နေရာစုံ ကစားနိုင်တဲ့ ချူကွယ်ဇီကို လီဗာပူးက ဘာလို့ စိတ်ဝင်စားခဲ့လဲဆိုတာ ဒီအပတ် အန်ဖီးကွင်းမှာ မြင်ကြရမှာဖြစ်တယ်။ နောက်ပြီး ဒီတွေ့ဆုံမှုကပဲ အနာဂတ်မှာ လီဗာပူးက သူ့ကို ဆက်ပြီး စောင့်ကြည့်ဦးမလားအပေါ် သက်ရောက်မှု ရှိလာနိုင်ဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။