အဲဗာတန်ကို နိုင်တဲ့ပွဲမှာ လီဗာပူး တိုက်စစ်မှုး မာနေးရဲ့ အပြုအမှုကို သဘောမကျဘူးလို့ အိုဝင် ထောက်ပြ

မနေ့က လီဗာပူးနဲ့ အဲဗာတန်တို့ရဲ့ မာဆေးဆိုဒ် ဒါဘီပွဲမှာ နှစ်ဘက်အသင်းသားတွေဟာ ခပ်ကြမ်းကြမ်းနဲ့ အချင်းများမှု များစွာ ပွဲထဲမှာ ရှိခဲ့ပါတယ်။

စိတ်ဆက်တဲ့ ဆီနီဂေါသား တိုက်စစ်မှုး မာနေးကတော့ ပြိုင်ဘက် ကစားသမားတွေရဲ့ ညစ်ပတ်တဲ့ ကစားဟန်ကို ခပ်တင်းတင်း ပြန် တုန့်ပြန်ခဲ့ပြီး လီဗာပူး တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်ကတော့ မာနေးလုပ်ရပ် အပေါ် သတိထားဖို့ ပြောဆိုသွားခဲ့ပါတယ်။

မာနေးဟာ ပထမပိုင်း ပြီးချိန်မှာ အဲဗာတန် ကစားသမား အလန် ကို လက်မောင်းမြှောက်ပြီး တွန်းခဲ့တာကြောင့် မျက်နှာကို လက်နဲ့ရိုက်မိခဲ့ကာ အဝါကတ် ပြသ သတိပေးခံခဲ့ရပါတယ်။ ဒါ့အပြင် ထပ်ပြီ မေဆန် ဟိုးဂိတ်ရဲ့ မျက်နှာကိုလည်း လက်ညှိုးနဲ့ ထိုးပြီး အချင်းများခဲ့သေးတာပါ။

တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင် ကတော့ ဆာဒီယို မာနေးရဲ့ အပြုအမူတွေကို ဝေဖန်လိုက်ပြီး ကွင်းထဲမှာ လုပ်ခွင့်မပေးထားတဲ့ ဒီလို အပြုအမှုတွေကို သတိထားရမှာ ဖြစ်ကြောင်း ပွဲအပြီးမှာ ထောက်ပြပြောဆိုခဲ့တာပါ။ ဒီအပြုအမှုတွေကို မထိန်းချုပ်နိုင်ရင် ပြိုင်ဘက် ကစားသမားတွေက သူ့ကို ဆွကစားလိမ့်မယ်လို့ အိုဝင်က သတိပေးခဲ့ပါတယ်။

” အဲဒါက မကောင်းဘူးဗျ။ သူ့လက်နဲ့ ဟိုးဂိတ် မျက်နှာကို သွားထိုးနေတာက ကစားသမား တစ်ယောက် လုပ်ခွင့် မရှိတဲ့ ကိစ္စပဲ။ နောက်ပြီး အရင် တစ်ခါ နှစ်ခါ သူ လုပ်ထားတာတွေ ရှိလို့ အဝါကတ်ကလည်း တစ်ခါ ပြခံထားရပြီးပြီ။ ပထမ တခေါက်က အလန်ကို လုပ်လိုက်တာ ထင်တယ်။

ပွဲထဲမှာ ကိုယ်က လက်ပါလို့၊ လက်ကို မြှောက်လိုက်လို့ မရဘူး။ နောက်ပြီး တခြားသူ မျက်နှာကိုလည်း အဲဒီလို သွားလုပ်လို့ မရဘူး။ ကျနော်တော့ အဲဗာတန် ကစားသမား နှစ်ယောက်က သူ့ကို အတင်း ပြသနာ ဆက် မရှာတာပဲ ကျေးဇူးတင်ရမယ် ထင်တယ်။

ဒီအခြေအနေမှာ ကစားသမား တစ်ယောက်ယောက်က မြေပေါ် လူးလှိမ့်ပြလိုက်လို့ ဒိုင် က VAR သွားကြည့်ရင် အနီကတ် ပြခံရနိုင်တယ်။ နောက်ဆို ဒါမျိုး သူ သေချာ ဆင်ခြင်၊ သတိထားမှ ရလိမ့်မယ်။ ” လို့ အိုဝင်က သတိပေး ထောက်ပြသွားခဲ့ပါတယ်။

မာဆေးဆိုဒ် ဒါဘီ နိုင်ပွဲ ရပြီးတဲ့နောက် လီဗာပူးအသင်းဟာ လာမယ့် ကြားရက်မှာ ဗီလာရီးရဲလ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ စတင် ကစားရဦးမှာ ဖြစ်ပါတယ်။