ပွဲအပြီး အငြင်းသန်နေသေးတဲ့ လမ်းပတ်ကို နှစ်ဝါ တစ်နီနဲ့ ထုတ်ခံရမှာလို့ တုန့်ပြန်တဲ့ ကလော့ပ်

အန်ဖီးကွင်းမှာ လီဗာပူးကို အရေးနိမ့်စဉ် ဂေါ်ဒန်ကို ပင်နယ်တီ ပေးသင့်ပေမယ့် မပေးခဲ့ကြဘူးလို့ ဒိုင်လူကြီးတွေကို လမ်းပတ်က ရိုးစွပ်မှုတွေ ပြုလုပ်သွားပါတယ်။

လီဗာပူးဟာ ပထမပိုင်းမှာ အဲဗာတန်ရဲ့ ခပ်ညစ်ညစ် ကစားမှုအောက်မှာ အလူးအလဲ ရုန်းကန်နေခဲ့ရတယ်။ ဒုတိယပိုင်းမှာတော့ ရိုဘို၊ အိုရီဂီတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၀ ဖြင့် အနိုင်ရခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာတော့ ကွင်းအနှံ့မှာ ဂေါ်ဒန်ဟာ ၆ ကြိမ်ထက်မနည်း လဲကျနေခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းမှာ အဲဗာတန်က ကောင်တာဖောက်လာစဉ် လီဗာပူးဧရိယာအတွင်း ကိတ်တာနဲ့ ဖြစ်ရပ်အတွင်း ဂေါ်ဒန်ရဲ့ ဟန်ဆောင်လဲချမှုက သိသာလွန်းခဲ့တာကြောင့် အဝါကဒ် ပြသခံခဲ့ရတယ်။

ဒုတိယပိုင်း ကောင်တာဖောက်ချိန်မှာလည်း မာတစ်နဲ့ ထိတွေ့မှုဖြစ်ခဲ့ကာ ခံစစ်မှူးက လက်နဲ့ မတွန်းခင်မှာတင် ဂေါ်ဒန်က မြေပေါ် ဟပ်ထိုး လဲချဖို့ ဖြစ်နေပါပြီ။ အဆိုပါဖြစ်ရပ်အတွက် ပင်နယ်တီ မပေးသလို ဂေါ်ဒန်ကလည်း အဝါကဒ် ထပ်မရခဲ့ပါဘူး။ ဒါပေမယ့်လို့ နည်းပြ နှစ်ယောက်ကတော့ အမြင်မတူခဲ့ကြပါဘူး။

လမ်းပတ်က “ ဒုတိယပိုင်းမှာ ဂေါ်ဒန်ဖြစ်ရပ်က ပင်နယ်တီ ပေးရမှာပါ။ အန်ဖီးကွင်းမှာ ကျနော်တို့ကို ပင်နယ်တီ ပေးမယ်လို့ မထင်ပါဘူး။ အဲ့နေရာ ဆာလာဆိုရင် သူ ပင်နယ်တီ ရမှာပါ။ ကျနော် လိုက်ငြင်းနေတာ မဟုတ်ဘူး အရှိတရားတွေကို ပြောပြနေတာပါ။ ဂေါ်ဒန်က ပင်နယ်တီ ရသင့်ပြီး ပြစ်ဒဏ်ကျူးလွန်ခံရပေမယ့် မရခဲ့ပါဘူး ” လို့ ငြင်းချက်ထုတ်ခဲ့တယ်။

လမ်းပတ်ရဲ့ ပြောဆိုမှုအတွက် သတင်းထောက်တွေက ကလော့ပ်ကို မေးချိန်မှာတော့ ဟန်ဆောင်လဲချလို့ ပထမပိုင်းမှာ အဝါကဒ်ရထားတဲ့ ဂေါ်ဒန်က အဆိုပါဖြစ်ရပ်မှာ နောက်ထပ် တစ်ဝါကြောင့် နှစ်ဝါတစ်နီတောင် ရသင့်တာလို့ တုန့်ပြန်ခဲ့ပါတယ်။

ယာဂင်က “ အဲ့တာက ပင်နယ်တီ မဟုတ်တာ ရှင်းပါတယ်။ သူက မဆိုးပါဘူး ဒါပေမယ့် ဒုတိယ ကံကောင်းလွန်းလို့ အဝါကဒ် မရခဲ့တာပါ။ ပထမအကြိမ်က ပင်နယ်တီ မဟုတ်ခဲ့သလို ဒုတိယအကြိမ်ကလည်း မဟုတ်ခဲ့ပါဘူး ” လို့ တုန့်ပြန်ခဲ့တယ်။