စတီဗင်ဂျရတ်ရဲ့ စံချိန်ကို မချိုးနိုင်တော့ပေမယ့် သိပ်ကောင်းတဲ့ မှတ်တမ်းပါလို့ အိုရီဂီ ဖွင့်ဟ

အဲဗာတန်ကို အနိုင်ယူတဲ့ပွဲမှာ သွင်းဂိုး ၁ ဂိုး ထပ်မံ သွင်းယူခဲ့တဲ့ အိုရီဂီဟာ သူ့ရဲ့ ကစားသမားဘဝ ကလပ်တစ်သင်းထံ ဂိုးအများဆုံး သွင်းယူမှုအဖြစ် အဲဗာတန်ဘက်ကို ၆ ဂိုးထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒါဟာ လီဗာပူးဂန္တဝင်ကြီး စတီဗင်ဂျရတ်ရဲ့ ၇ ဂိုး ပြီးရင် အဲဗာတန်ဘက်ကို ဂိုးအများဆုံး သွင်းနိုင်တဲ့ လီဗာပူးအသင်းသားလည်း ဖြစ်လာစေတယ်။ ဒီနွေမှာ အသင်းနဲ့ စာချုပ်ကုန်တော့မယ့် အိုရီဂီဟာ အသင်းသစ်ထံ ကူးပြောင်းသွားဖို့ ရှိနေတာမို့ စတီဗင်ဂျရတ်ရဲ့ စံချိန်ကို လိုက်မီဖို့တော့ မဖြစ်နိုင်တော့ပါဘူး။

ကွင်းထဲမှာတော့ လီဗာပူးပရိသတ်တွေက အိုရီဂီကို ထည့်သွင်းပေးဖို့ ဘယ်ဂျီယံသားရဲ့ နာမည်ကို အော်ဟစ်ပြီး တောင်းဆိုခဲ့သလို လူစားဝင်လာချိန်မှာလည်း တိုက်စစ်သမားက အသင်းအတွက် အကောင်းဆုံး ကူညီပေးခဲ့ပါတယ်။

မာဆေးဆိုဒ်ဒါဘီတွေမှာ နာမည်ကြီးလှတဲ့ အိုရီဂီကတော့ နိုင်ပွဲအပြီး သူ့ရဲ့ တစ်ဦးချင်း မှတ်တမ်းကောင်းအတွက်ကော၊ အသင်းရဲ့ စွမ်းဆောင်ရည်အတွက်ပါ မှတ်ချက်စကား ပြောဆိုခဲ့တယ်။

အိုရီဂီက ” သိပ်ကောင်းတဲ့ မှတ်တမ်းလေးပါ။ ကွင်းထဲကို ဝင်လိုက်ချိန်မှာ ပွဲကို ကောင်းကောင်းကစားဖို့ တွေးခဲ့ပါတယ်။ ဒီနေ့မှာ ကျနော်တို့ အဲ့လို ကစားနိုင်ဖို့ လိုအပ်ခဲ့တယ်။ ခက်ခဲတဲ့ ပွဲတစ်ပွဲပါ။ ကျန်တဲ့ပွဲတွေကလည်း ခက်ခဲမယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ကံကောင်းစွာပဲ ကျနော်တို့ အနိုင် ၃ မှတ်ရခဲ့ပြီး ဒါကပဲ အရေးကြီးဆုံးပါပဲ။

အနိုင် ၃ မှတ်ရဖို့ ကျနော်တို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရတယ်လို့ ပြောချင်ပါတယ်။ ကျနော်တို့ အာရုံစိုက်ခဲ့ရတယ်။ အခုချိန်မှာ ပွဲတိုင်းက ခက်ခဲတယ်ဆိုတာကို သိပါတယ်။ အဲဗာတန်ကလည်း ခက်ခဲသလို အခု အနေအထားက ပိုခက်ခဲပါတယ်။ ကျနော်တို့ ပွဲကစားနိုင်ဖို့ ကြိုးစားခဲ့တယ်။ အဆုံးမှာတော့ အနိုင် ၃ မှတ်ရဖို့အတွက် ကြိုးစားနိုင်ခဲ့ပါတယ်။

ပုံစံကောင်းတွေ ရနေတာအတွက် ကျနော်တို့တွေ ခံစားချက် ကောင်းနေပါတယ်။ ဒါပေမယ့် လာမယ့်ပွဲတွေမှာ ကျနော်တို့တွေ ဆက်ပြီး လုပ်ပြနိုင်ဆဲဆိုတာကို သိထားပါတယ်။ ဒီတော့ ပြန်ပြီး အာရုံစိုက်ဖို့နဲ့ လာမယ့်ပွဲတွေကို စောင့်မျှော် ယှဉ်ပြိုင်ဖို့ပါပဲ ” လို့ ဆိုခဲ့တာပဲ ဖြစ်ပါတယ်။

နွေမှာ လီဗာပူးအသင်းကနေ စွန့်ခွာမှု မတိုင်ခင် အိုရီဂီနဲ့ ပတ်သက်လို့ အခုလို ပျော်ရွှင်ရတဲ့ အခိုက်အတန့်လေးတွေ ထပ်ပြီး မြင်ရဖို့ မျှော်လင့်တာပဲ ဖြစ်ပါတယ်။