ပစ်ဖို့ဒ် ဒီလို အချိန်တွေဆွဲပြမယ် ဆိုတာ ကြို တွေးထားပြီးသားလို့ ပွဲပြီးမှာ ထည့်ပြောသွားတဲ့ ကလော့ပ်

အဲဗာတန်အသင်းရဲ့ အင်္ဂလန် လက်ရွေးစင် ဂိုးသမား ဂျော်ဒန် ပစ်ဖို့ဒ်ဟာ မနေ့က မာဆေးဆိုဒ်ဒါဘီပွဲမှာ အကျည်းတန်လောက်အောင် သိသာစွာ ဘောလုံးရတိုင်း အချိန်ဆွဲသွားတာကြောင့် အများသတိပြု ဝေဖန်စရာ ဖြစ်ခဲ့ကြပါတယ်။

လီဗာပူးနည်းပြ ကလော့ပ်ကတော့ ပစ်ဖို့ဒ် ဒီလို လုပ်လာနိုင်တယ် ဆိုတာ ကြိုတွေးထားမိကြောင်း ပွဲ အပြီးမှာ ဆိုခဲ့ပါတယ်။ တန်းဆင်းဇုန်မှာ ရုန်းကန်ရပြီ ဖြစ်တဲ့ အဲဗာတန်ဟာ လီဗာပူး ကစားကွက် ပျက်အောင် ဒီလို လုပ်လာနိုင်တယ် ဆိုတာ လီဗာပူးဘက်က ကြိုတင် မျှော်လင့်ထားခဲ့ပြီး ဖြစ်ခဲ့ပါတယ်။

” ကျနော်တို့ အဲဗာတန် ဒီလို ကစားလာနိုင်တယ် ဆိုတာ ကြိုမျှော်လင့်ထားခဲ့တယ်၊ ဒါပေမယ့် ကောင်းကောင်း မတုန့်ပြန် နိုင်ခဲ့ဘူးပေါ့။ ဒါက အတော် ခက်ခဲပါတယ်။

ဂျော်ဒန် ပစ်ဖို့ဒ်က ဘောလုံးရတိုင်း ၅ မိနစ်လောက် ကိုင်ထားတော့တာ။ ဒီတော့ သူတို့ အနိမ့်ဘောတွေကို ချိုးဖျက်ဖို့ ကျနေ်ာတို့ ကစားကွက်တည်ဆောက်တာ အရှိန်ယူတာကို လုပ်လို့ မရဘူး ဖြစ်နေတယ်။ ဒါပေမယ့် အဲဒီလို လုပ်လာနိုင်တယ် ဆိုတာက ကြိုမြင်ထားပြီးသားပါ။

အဲဗာတန်ကလည်း သူတို့ လုပ်စရာ ရှိတာ လုပ်သွားခဲ့တာပေါ့။ ကျနော်တို့ကတော့ ခေါင်းအေးအေးထားပြီး ရင်ဆိုင် ခဲ့တယ်။ လူစားလဲတာတွေကလည်း အထောက်အကူ ဖြစ်ခဲ့တယ်။ ကျနော်တို့ ၂-ဝ နဲ့ နိုင်ခဲ့တာ ဖြစ်လို့ အားလုံး အဆင်ပြေပါတယ်။ ” လို့ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။

ပစ်ဖို့ဒ်ဟာ သူ့ဧရိယာထဲ ဘောလုံးရတိုင်း အချိန်ဆွဲနေခဲ့သလို လီဗာပူး ဂိုးသမား အယ်လစ်ဆန်ကလည်း ပွဲပြီးခါနီးမှာ အလားတူ အချိန်ဆွဲ လုပ်ပြလိုက်တာကြောင့် လီဗာပူး ပရိသတ်တွေကတော့ ကျေနပ် အားရ ဖြစ်ခဲ့ကြပါတယ်။