မာဆေးဆိုဒ် ဘုရင်ကြီး ဒီဗိုဗ့် အိုရီဂီရဲ့ ကူညီမှုနဲ့ အဲဗာတန်ကို တန်းဆင်းဇုန်မှာ နစ်စေခဲ့တဲ့ လီဗာပူး

လီဗာပူးအသင်းဟာ အန်ဖီးကွင်းမှာ အဲဗာတန်ကို ယှဉ်ပြိုင်ကစားတဲ့ အကြိမ် ၂၄၀ မြောက် မာဆေးဆိုဒ် ဒါဘီမှာတော့ ရိုဘို၊ အိုရီဂီတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

ကြားရက်မှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲ ရှိပေမယ့် မန်နေဂျာကလော့ပ်က အဓိက ကစားသမား အစုံအလင်ကို ပွဲထုတ်ခဲ့ပြီး ကွင်းလယ်မှာတော့ သီယေဂို၊ ကိတ်တာ အတွဲကို ထုတ်သုံးခဲ့ပါတယ်။ တိုက်စစ်မှာလည်း ပွဲကို ပိုပြီး မာမာထန်ထန် ကစားနိုင်အောင် မာဆေးဆိုဒ်ဒါဘီ အကြောင်းသိတွေဖြစ်တဲ့ ဆာလာ၊ မာနေး၊ ဂျိုတာ အတွဲကို ထုတ်သုံးခဲ့တယ်။

ပွဲအစပိုင်းမှာ မသိသာပေမယ့် ပွဲချိန် မိနစ်ပိုင်းတွေ ဝင်လာတာနဲ့ လီဗာပူးရဲ့ ဘောလုံးပေးပုံ မသပ်ရပ်တာ၊ ခပ်ကြမ်းကြမ်း ကိုင်တွယ်ခံနေရတာတွေကို မြင်လာရတယ်။ ပွဲအစ ၁၅ မိနစ်လောက်ဟာ ဘောလုံးပိုင်ဆိုင်မှုကလွဲရင် အကောင်းမြင်စရာ နည်းခဲ့ပါတယ်။ ဒါပေမယ့် ပိုရုပ်ဆိုးခဲ့တာက အဲဗာတန်ရဲ့ ခပ်ညစ်ညစ် ကစားဟန်ပဲဖြစ်ပါတယ်။

လီဗာပူးအသင်းသားတွေ ခြေထဲမှာ ဘောလုံးရှိနေချိန် သိသိသာသာ အဝင်ကြမ်းသလို အချိန်ဆွဲကစားခြင်းနဲ့ ကစားကွက် တည်မရအောင် ဦးတည်ခဲ့တယ်။ ပထမတစ်ပိုင်းလုံးမှာ စိတ်ပျက်စရာ အကောင်းဆုံး ကစားသမားတွေက ဂေါ်ဒန်နဲ့ ရစ်ချာလီဆန်တို့ဖြစ်ပြီး ပစ်ဖိုဒ့်ရဲ့ အချိန်ဆွဲမှုတွေကလည်း အတော် ဒေါသထွက်စရာ ကောင်းခဲ့ပါတယ်။

ရစ်ချာလီဆန်ရဲ့ ဟန်ဆောင်မှုတွေက အရမ်း သိသာနေလို့ ကွင်းလယ်ဒိုင်တောင် သူလဲနေတာကို ဂရုမစိုက်တော့တဲ့ အထိပါပဲ။ အဲ့မှာတင် အဲဗာတန်က စည်းမဲ့ကမ်းမဲ့တွေ ကစားလာလို့ နှစ်သင်း ရုန်းရင်းဆန်ခတ်တွေပါ ဖြစ်ခဲ့ရကာ ပြိုင်ဘက်ကို လက်နဲ့ သွားတွန်းမိလို့ မာနေးပါ အဝါကဒ်ရခဲ့တယ်။

ဒုတိယပိုင်းမှာတော့ လီဗာပူးက ပိုအာရုံစိုက်လာပေမယ့် ကစားပုံ ထူးပြီး တက်မလာခဲ့ပါဘူး။ ကလော့ပ်က အသင်းသားတွေ အမှားကင်းကင်း ကစားနေတာကို မြင်ပေမယ့် ပွဲက မြောနေတာကြောင့် စိတ်ရှည်ရှည် စောင့်မနေဘဲ မာနေးနဲ့ ကိတ်တာနေရာမှာ အိုရီဂီ၊ ဒီယက်စ်ကို ထည့်သွင်းပြီး တိုက်စစ်မြင့်ခဲ့တယ်။

ဒီယက်စ် ဘယ်ခြမ်းမှာ ကောင်းတယ်ဆိုပေမယ့် သက်ရောက်မှုကြီးတွေကို ပြတဲ့အထဲမှာ အိုရီဂီလည်း အဓိက ကျပါတယ်။ သူ့ရဲ့ အလယ်ကြောကနေ ဧရိယာထဲ ဝင်ရောက်ပုံတွေက ပထမပိုင်းမှာ မာနေးထံက မရခဲ့တဲ့ ပုံစံတွေဖြစ်ကာ အဲဗာတန်က အတော်လေး အလုပ်ရှုပ်ကုန်ခဲ့တယ်။

ရိုဘိုရဲ့ ဂိုးဟာ ဆာလာရဲ့ မတင်ပေးမှုကနေ ခေါင်းတိုက် သွင်းယူခဲ့တာဖြစ်ပေမယ့် ဧရိယာထဲ နေရာဝင်ယူပေးနေတဲ့ အိုရီဂီက ခံစစ်သမားကို သူ့အနား ကပ်နေအောင် လုပ်ပေးခဲ့တာပါ။ ဒါ့အပြင် ဒုတိယဂိုးကလည်း ဒီယက်စ်ရဲ့ ကန်ချက် မြေထောက်ပြီး ပြန်တက်လာတာကို အိုရီဂီကပဲ ငယ်နိုင်လိုဖြစ်နေတဲ့ ပစ်ဖိုဒ့်နဲ့ ဝင်လုပြီး ခေါင်းတိုက် သွင်းယူခဲ့ပါတယ်။

အိုရီဂီဟာ လီဗာပူးကစားသမားဘဝမှာ အဲဗာတန်ဘက်ကို ၆ ဂိုးထိ သွင်းယူခဲ့တာဖြစ်ပြီး သူကစားသမားဘဝ ဂိုးအများဆုံး သွင်းခဲ့တဲ့ ပြိုင်ဘက်အသင်းက အဲဗာတန် ဖြစ်ပါတယ်။ မာဆေးဆိုဒ်ရဲ့ ဘုရင်ကြီးလို့ တင်စားခံရတဲ့ အိုရီဂီဟာ လီဗာပူး အခက်အခဲတွေ့ချိန်မှာ ဝင်ပြီး ကူညီပေးခဲ့ပြန်ကာ ဒီနွေမှာတော့ အသင်းကနေ ထွက်ခွာသွားပါတော့မယ်။

လီဗာပူးပရိသတ်တွေဟာ အိုရီဂီကို ဂန္တဝင် တစ်ဦးအဖြစ် အမှတ်ရနေမှာဖြစ်ပြီး အခုဆိုရင် ပရီးမီးယားလိဂ် လက်ကျန်ပွဲ ၅ ပွဲ အကျန်မှာ အမှတ်ပေးဇယား ထိပ်ဆုံးက မန်စီးတီးနောက် ၁ မှတ်အကွာကနေ ဆက်ပြီး ဖိအားပေးနေပါတယ်။ အဲဗာတန်ကတော့ ဒီပွဲ အရေးနိမ့်မှုနဲ့အတူ တန်းဆင်းဇုန်နွံထဲ စတင် ဝင်ရောက်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။