ဟန်ဆောင်ဒိုင်ဗင်ထိုးတာ မဟုတ်ဘူး၊ အဝါကဒ် မရသင့်ဘူးလို့ အဲဗာတန်ရဲ့ ဂေါ်ဒန် ပြော

လီဗာပူးကို ရင်ဆိုင်ဖို့ဆိုရင် အမှားလုံးဝ လုပ်လို့ မရပေမယ့် အမှား လုပ်ခဲ့ရာက ဂိုးတွေ ပေးရခြင်းဖြစ်သလို လီဗာပူးက တိုက်စစ်ပိုင်း အရည်အချင်းကောင်းတွေ ပြသခဲ့တယ်လို့ အဲဗာတန် ကစားသမား ဂေါ်ဒန်က ပွဲအပြီး ပြောဆိုပါတယ်။

ဂေါ်ဒန်က ” ကျနော်တို့ အမှားလုပ်လို့ မရခဲ့ပါဘူး။ ဒီနေရာက လာကစားဖို့ ခက်ခဲတဲ့ နေရာပါ။ ကျနော်တို့ရဲ့ ပလန်က သူတို့ကို ခက်ခဲအောင် လုပ်ဖို့ပါ။ သူတို့က သိပ်ကောင်းတဲ့ ပုံစံတွေ ရနေတယ်။ လီဗာပူးကို ဒုက္ခပေးပြီး ကျနော်တို့ အခွင့်အရေးယူဖို့ လုပ်ခဲ့ပေမယ့် သူတို့က သွင်းဂိုး ၂ ဂိုး ရခဲ့ပါတယ်။

ကျနော် ပိုကောင်းကောင်း လုပ်နိုင်စရာ အခွင့်အရေး ၂ ကြိမ်လောက် ရပါတယ်။ ပိုကောင်းကောင်း လုပ်နိုင်ရမှာပါ။ စွမ်းဆောင်ရည်ကောင်းတွေ အတော်လေး ပြခဲ့ပေမယ့် နောက်ဆုံးတော့ သူတို့က အဆုံးသတ်ပိုင်းက သူတို့ရဲ့ အရည်အချင်းကို ပြသသွားခဲ့တယ် ” လို့ ဆိုခဲ့တယ်။

ဂေါ်ဒန်ဟာ ပထမပိုင်း တစ်ပိုင်းလုံးမှာ အလကားနေရင်း ဟန်ဆောင် လဲချနေခဲ့တာပါ။ ဧရိယာပြင်ဘက်မှာက ကိစ္စ မရှိပေမယ့် ကိတ်တာနဲ့ ဧရိယာတွင်း အခြေအနေမှာ သူ့ရဲ့ ဟန်ဆောင်မှုက အဝါကဒ် ရစေခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ အပြုအမှုတွေကြောင့်ပဲ ဂေါ်ဒန်ဟာ ကွင်းလယ်ဒိုင်ရဲ့ ကူညီမှုတွေလည်း မရခဲ့ပါဘူး။

ဒါပေမယ့် ဟန်ဆောင် ဒိုင်ဗင်ထိုးမှု အတွက် အဝါကဒ်ရခဲ့ခြင်းက မမျှတဘူးလို့ ဂေါ်ဒန်က ထင်ပါတယ်။ သူကပဲ ” အဝါကဒ် ရသင့်တယ်လို့ မထင်းဘူး။ ထိတွေ့မှုကို ခံစားလိုက်ရပြီး အဲ့တာကြောင့် ကျနော် လဲကျခဲ့တာ။ ပင်နယ်တိ မပေးတာရပါတယ်။ ဒါပေမယ့် ကျနော် အဝါကဒ်တော့ မရသင့်ပါဘူး ” လို့ ဆိုခဲ့ပါတယ်။

အဲဗာတန် မန်နေဂျာ လမ်းပတ်ကလည်း လီဗာပူးကို ရင်ဆိုင်တဲ့ နည်းစနစ်နဲ့ ပတ်သက်လို့ ” ကျနော်တို့က လီဗာပူးကို ယှဉ်ကစားနိုင်တဲ့ အဆင့်မှာမှ မရှိတာဘဲ။ မိနစ် ၆၀ လောက်ထိ ကျနော်တို့ ကောင်းကောင်းကစားခဲ့ပေမယ့် အဲ့နောက်ပိုင်းမှာ ခက်ခဲခဲ့ပါတယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။