လီဗာပူးကို ကူညီလိုပြီး နည်းပြ အလိုရှိတိုင်း အမြဲတမ်း အဆင်သင့် ဖြစ်နေစေရမယ်ဆိုတဲ့ ဒီယက်စ်

ကိုလံဘီယာ တိုက်စစ်သမား ဒီယက်စ်ဟာ မာဆေးဆိုဒ် ကစားသမားဘဝအတွင်း တစ်လ မပြည့်ခင်မှာပဲ ပထမဆုံး ဆုတံဆိပ်ကို ရရှိခဲ့ပြီး ဝင်ဘာလေမှာ ချယ်ဆီးကို အနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလား ဖိုင်နယ်အတွင်း တောက်ပခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁-၂၂ ရာသီအတွက် လီဗာပူးအသင်းက နောက်ထပ် ရယူစရာ ဆုဖလားတွေ ထပ်ရှိသေးတာနဲ့အတူ ဒီယက်စ်ဟာ ကလပ်ရဲ့ သမိုင်းဝင် ဖလားလေးလုံး မျှော်လင့်ချက်ကို ကူညီပေးဖို့ စိတ်အားထက်သန်နေပါတယ်။ သူဟာ လီဗာပူးတိုက်စစ်ရဲ့ ရွေးချယ်စရာတွေထဲက တစ်ဦး ဖြစ်လာကာ ဘယ်ခြမ်းမှာ အလားအလာကောင်းတွေ ပြသနေတာပဲ ဖြစ်ပါတယ်။

ယာဂင်ကလော့ပ် လက်ထက် အကောင်းဆုံး ခေါ်ယူမှုတွေထဲက တစ်ခုလို့ တင်စားခံနေရတဲ့ ဒီယက်စ်ဟာ အသင်းနဲ့ ကာလတိုပဲ ရှိသေးပေမယ့် အသင်းရဲ့ နိုင်ပွဲတွေအတွက် တာဝန်ကို မျှဝေ ပုခုံးထမ်းပေးလိုစိတ် ထက်သန်နေပါတယ်။

“ အခုကနေ ရာသီကုန်အထိ ပွဲတိုင်းကို အနိုင်ရဖို့ ကျွန်တော်တို့မှာ တာဝန်ကြီးရှိတယ်ဆိုတာ သိပါတယ်။ အမှားသေးသေးတောင် အဖြစ်ခံလို့ မရပါဘူး။ ပြိုင်ပွဲတိုင်း၊ ဖလားတိုင်းက မတူညီဘူး။ အထူးသဖြင့် ပရီးမီးယားလိဂ်က ပွဲတွေမှာပေါ့။

ကျွန်တော်တို့ ပွဲတိုင်းကို ဖိုင်နယ်တစ်ခုလို သဘောထားပါတယ်။ ဘာလုပ်ရမယ်ဆိုတာကို သိတယ်။ နည်းပြက ကျွန်တော့်ကို လိုအပ်ရင် ကျွန်တော် အဆင်သင့် ဖြစ်နေမှာပါ။ လူစာရင်းထဲ ထည့်သွင်းဖို့ သူတို့ဆုံးဖြတ်ထားတဲ့ တခြားကစားသမားတွေလိုပဲ ကျွန်တော်က အသင်းအတွက် ပေးဆပ်ဖို့ စိတ်အားထက်သန်မှုရှိပါတယ်။

ဒါကြောင့် ကျွန်တော် မှန်ကန်တဲ့ ပုံစံနဲ့ ဆက်လက် ကောင်းကောင်းစွမ်းဆောင်နိုင်ဖို့ မျှော်လင့်ကြတာပေါ့။ ဒါမှသာ အသင်းအတွက် အရာအားလုံး ကောင်းကောင်းဖြစ်လာမှာပါ။ ကျွန်တော်က ဒီမှာ အသင်းကို ကူညီဖို့ ရှိနေတာပဲ ” လို့ ဒီယက်စ်က ပြောခဲ့တာဖြစ်ပါတယ်။

အကြိမ် ၂၄၀ မြောက် မာဆေးဆိုဒ် ဒါဘီအဖြစ် ဒီကနေ့ည အန်ဖီးမှာ ယှဉ်ပြိုင်မယ့် အဲဗာတန်နဲ့ပွဲဟာ ဒီယက်စ်အတွက် ပထမဆုံးသော ဒါဘီပွဲစဉ် ဖြစ်ပါတယ်။ ဒီကနေ့ပွဲမှာ သူ ပွဲထွက်ခွင့်ရမယ်ဆိုတာ မသေချာပေမယ့် မာဆေးဆိုဒ်ဒါဘီရဲ့ ပြင်းထန်မှုကို စတင် သိရှိသွားတော့မှာပဲ ဖြစ်ပါတယ်။