အာရပ်ကမ္ဘာက လူတွေအတွက် ဘလွန်းဒီအောဆု ရချင်တဲ့ ဆာလာ

FourFourTwo မဂ္ဂဇင်းရဲ့ အခုချိန်မှာ ကိုယ်ဘာသာ ကမ္ဘာအကောင်းဆုံး ကစားသမားလို့ ထင်မိလား ဆိုတဲ့ မေးခွန်းကို ” ကျနော် အတွေးထဲမှာတော့ ဟုတ်ပါတယ်။ ကျနော် ဒီလိုပဲ ပြောရပါမယ်။ ” ဆိုပြီး ဆာလာက တုန့်ပြန်ပါတယ်။

အီဂျစ် တိုက်စစ်သမားက ” ကျနော်က ကစားသမား တစ်ဦးဦးထက် ပိုကောင်းတဲ့သူ၊ ဟိုလူထက် ပိုကောင်းတယ်၊ ဒီလူထက် ပိုကောင်းတယ်လို့တော့ ဘယ်တော့မှ မပြောပါဘူး။ ဒါပေမယ့် ကျနော် အတွေးထဲမှာတော့ ကိုယ်ဘာသာ အကောင်းဆုံးလို့ မြင်ပါတယ်။ ကိုယ်ဘာသာထက် အခြားသူတစ်ယောက်ကို ကျော်ပြီး ရွေးမှာ မဟုတ်ပါဘူး။

အမြဲတမ်း ထင်မြင်ချက်တွေ ရှိကြပါတယ်။ ကျနော် ကစားသမားတိုင်းကိုတော့ လေးစားပါတယ် ” ဆိုပြီး ဘန်ဇီမာ အပါအဝင် လက်ရှိ ကမ္ဘာအကောင်းဆုံး ကစားသမားတွေအပေါ် လေးစားမှု ရှိကြောင်းလည်း ပြောပြခဲ့တယ်။

ဆာလာရဲ့ ပြင်းပြတဲ့ ရည်မှန်းချက် တစ်ခုကတော့ ဘလွန်းဒီအော့ဆု အနိုင်ရရေးပါပဲ။ မနှစ်ကရာသီ အဆင့် ၇ နေရာမှာ ရှိခဲ့တဲ့ ဆာလာဟာ ဒီနှစ်ရဲ့ ဘလွန်းဒီအောဆုအတွက် ရေပန်းစားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

ဆာလာကပဲ ” ဘလွန်းဒီအောဆု အနိုင်ရမယ်ဆိုရင် အများကြီး အဓိပ္ပာယ် ရှိပါလိမ့်မယ်။ ဘဝရဲ့ ရည်မှန်းချက်တွေထဲက တစ်ခုက လူတွေရဲ့ အမြင်ကို ပြောင်းလဲဖို့ အထူးသဖြင့် ကျနော် တိုင်းပြည့်နဲ့ အာရပ်နိုင်ငံတွေကလည်း ကိုယ်လိုချင်တာကို အောင်မြင်နိုင်ပါတယ်ဆိုတာ လုပ်ပြနိုင်ဖို့ပါ။

ဒီလို အောင်မြင်မှုက သူတို့ကို ကိုယ်ဘာသာ ယုံကြည်မှု ရှိစေလိမ့်မယ်။ သူတို့ လိုချင်တာကို လုပ်နိုင်တယ်လို့ ယုံကြည်မှု ရစေလိမ့်မယ်။ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ကို ထပ်ပြီး အနိုင်ရတာက ကျနော် ဘလွန်းဒီအော့ဆု အနိုင်ရရေး အကူအညီဖြစ်ပါလိမ့်မယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဆာလာဟာ ဒီရာသီ ပြိုင်ပွဲစုံ ၄၂ ပွဲမှာ ကိုယ်တိုင် သွင်းဂိုး ၃၀ သွင်းပြီး ဂိုးထောက်ပံ့မှု ၁၂ ကြိမ် လုပ်ထားနိုင်သူဖြစ်ပါတယ်။ ဒီရာသီ လီဗာပူးအသင်း ဆုဖလားကြီးတွေ ထပ်မံ အောင်မြင်မယ်ဆိုရင် ဆာလာဟာ ဘလွန်းဒီအောဆုအတွက် ရေပန်းစားသူတွေထဲ ပါဝင်လာဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။