လီဗာပူးကို အဲဗာတန်အသင်းနဲ့ ရင်ဆိုင်ရမှာအတွက် နည်းပြ လမ်းပတ်ရဲ့ ပွဲကြို ပြောဆိုမှုများ

အန်ဖီးမှာ လီဗာပူးနဲ့ ရင်ဆိုင်ရမယ့် အကြိမ် ၂၄၀ မြောက် မာဆေးဆိုက်ဒါဘီမှာတော့ အဲဗာတန်နည်းပြအဖြစ် ဖရန့်လမ်းပတ်က ဦးဆောင်လာမှာ ဖြစ်ပါတယ်။

အဲဗာတန်ဟာ တန်းဆင်းဇုန်တိုက်ပွဲထဲ နွံနစ်နေပြီး တနင်္ဂနွေနေ့ ပွဲမတိုင်ခင် အောက်ဆုံး သုံးနေရာထဲ ရောက်သွားနိုင်တဲ့ အချက်ကြောင်း အလားအလာက သိပ်တော့ မကောင်းခဲ့ပါဘူး။

သရေတစ်မှတ်ရရင် ကျေနပ်မှာလားလို့ မေးမြန်းခဲ့ရာ လမ်းပတ်က “ ဘယ်လိုထင်လို့လဲ။ သေချာတာပေါ့။ ဒါက ခက်ခဲတဲ့ပွဲဆိုတာ ဝန်ခံပါတယ်။ သူတို့က မန်ချက်စတာ ယူနိုက်တက်ကို လေးဂိုးသွင်းခဲ့တဲ့ အသင်းပါ။ အသင်းတစ်သင်းအနေနဲ့ သူတို့ကို လေးစားရမယ်။ အံ့ဩစရာကောင်းတဲ့ နည်းပြနဲ့အတူ ရွေးချယ်စရာ များစွာရှိတဲ့ သိပ်ကောင်းတဲ့ အသင်းတစ်သင်းပါ။

ကျွန်တော်က လက်တွေ့သမားပဲ။ ကျွန်တော်တို့ အခုရောက်နေတဲ့ အနေအထားကို နားလည်တယ်။ အမှတ်ပေးဇယားအဆင့်က မင်းရောက်နေတဲ့ အနေအထားပဲ။ ကျွန်တော် လီဗာပူးနဲ့ ကစားခဲ့ဖူးတယ်။ နည်းပြအနေနဲ့ အကြိမ်အနည်းငယ် တွေ့ခဲ့ဖူးတယ်။ သူတို့ရဲ့ ကစားသမားအဆင့်အတန်းကို အမြဲတမ်း ဖြုံရတယ်။

လူတွေက ပြောသလို ‘ကြောက်စရာကောင်းတယ်’ဆိုတဲ့ စကားကိုတော့ မသုံးချင်ဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒါကပဲ ဒီပွဲမှာ ကျွန်တော်တို့အတွက် စိန်ခေါ်မှုပါ။ ဒါက ကျွန်တော်တို့တွေ အသင်းတစ်သင်းအနေနဲ့ စမ်းသပ်ခံရမယ့် ပွဲတစ်ပွဲပါပဲ ” လို့ ဖြေကြားခဲ့ပါတယ်။

နည်းပြအနေနဲ့ အန်ဖီးကို လမ်းပတ် နောက်ဆုံးလာခဲ့တုန်းက ၂၀၂၀ နွေရာသီမှာဖြစ်ပြီး ချယ်ဆီးဟာ ၅-၃ နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ့ပွဲမှာ ကွင်းဘေးက အမှတ်ရစရာတွေလည်း ရှိခဲ့ပြီး လမ်းပတ်ဟာ ယာဂင်ကလော့ပ်ကို အော်ဟစ်ဆဲဆိုခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ့အဖြစ်က အတိတ်မှာ ကျန်ခဲ့ပြီဖြစ်ပေမယ့် ပရိသတ်အပြည့်နဲ့ အန်ဖီးကွင်းထဲကို သွားရမှာနဲ့ ပတ်သက်ပြီး ဘယ်လိုခံစားရလဲလို့ ချယ်ဆီးနည်းပြဟောင်းကို မေးမြန်းခဲ့ပါတယ်။

“ ကျွန်တော် စည်းရဲ့ ညာဘက်ခြမ်းမှာ တရားဟောပြီး မနေနိုင်ဘူး။ အဲ့ဒါက ကျွန်တော့်အတွက် အဆင်ပြေခဲ့တယ်လို့ ပြောရင် လိမ်တာပဲ။ ခင်ဗျားက ဒီအလုပ်ထဲမှာရှိရင် ခင်ဗျားအတွက်၊ အသင်းနဲ့ ပရိသတ်တွေအတွက် အဲ့ဒါက ဘာအဓိပ္ပါယ်ရှိလဲဆိုတာ သိမှာပါ။

ကျွန်တော့်အမြင်ကနေ နည်းနည်း ဆုံးဖြတ်ချက် လွဲမှားခဲ့တာဖြစ်နိုင်ပေမယ့် တခြားနည်းပြတွေ အများကြီးလည်း အဲ့လို ဖြစ်တာ မြင်ခဲ့ဖူးပါတယ်။ ကျွန်တော် ချယ်ဆီးနည်းပြဘဝတုန်းက ကလော့ပ် ဖြစ်တာလည်း မြင်ဖူးပါတယ်။ အားလုံး အဆင်ပြေတယ်။

ကစားပွဲရဲ့ စိတ်ဓာတ်ပြင်းထန်မှု သဘာဝကို နားလည်တယ်။ ကျွန်တော်တို့ အမှားအယွင်းတွေနဲ့ ကြုံရနိုင်တယ်။ ဒါပေမယ့် အားလုံးကို ချန်ထားခဲ့ရတာပဲ။ ဘာလို့လဲဆိုတော့ တခါတလေ ဖြစ်သွားနိုင်တဲ့ အရာတွေကို နားလည်ထားလို့ပဲ ” လို့ လမ်းပတ်က ပြောသွားခဲ့တာ ဖြစ်ပါတယ်။