ဆောင်းပါး | မန်စီးတီးထက် တောင့်တင်းတဲ့ လူစာရင်းရဖို့ လီဗာပူး ဘယ်လို ကြိုးစားခဲ့သလဲ

စာရွက်ပေါ်က လူစာရင်းအရ လီဗာပူးအသင်းရဲ့ လူစာရင်းဟာ မန်စီးတီးအသင်းရဲ့ လူစာရင်းကြားမှာ ကွာခြားချက် သိပ်မရှိတော့ပါဘူး။ ဒါနဲ့ ပတ်သက်လို့ The Athletic က ဖော်ပြတဲ့ စစ်တမ်းတွေကို ကိုးကားပြီး ပြောပြလိုပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ဦးဆောင်ကလပ်နှစ်သင်းကြား အခုလို လူစာရင်း ကွာခြားမှု သိပ်မရှိတာက ထူးထူးခြားခြား ကိစ္စလို့ မထင်ရပေမယ့် ကလပ်တွေ ဖြတ်သန်းလာရတဲ့ ပုံစံတွေကို ကြည့်မယ်ဆိုရင် လီဗာပူးရဲ့ တိုးတက်မှုတွေက အံ့မခန်းဆိုတာကို မြင်ရပါမယ်။ ဒါပေမယ့်လို့ ဒီရာသီမှာ မန်စီးတီးကပဲ ပရီးမီးယားလိဂ်ကို အောင်မြင်ဖို့ ပိုမို ရေပန်းစားနေဆဲအသင်း ဖြစ်နေပါလိမ့်မယ်။

ဒီရာသီ အမှတ်ပေးဖလားကို အောင်မြင်ရေးမှာတော့ မန်စီးတီးက ၆၆% ထိ ရှိနေတာကြောင့် အခုချိန်ထိ ပရီးမီးယားလိဂ်ကကို အောင်မြင်ရေးမှာ လီဗာပူးက အောက်အသင်းပဲ ဖြစ်နေပါသေးတယ်။ ဒါပေမယ့် လီဗာပူးပရိသတ်တွေအတွက် ကျေနပ်စရာက အသင်းဟာ မနှစ်ကရာသီ ဆုံးရှုံးခဲ့တဲ့ ဆုဖလားစိန်ခေါ်သူနေရာကို ပြန်တက်လာခဲ့ပါပြီ။

လီဗာပူးအသင်းရဲ့ လူစာရင်း တောင့်တင်းမှုကို ပေါ်လွင်စေခဲ့တာက ဧပြီလအတွင်း ဝင်ဘာလေမှာ ယှဉ်ပြိုင်တဲ့ မန်စီးတီးနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲ၊ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားတဲ့ ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေပဲ ဖြစ်ပါတယ်။

အက်ဖ်အေဖလား ဗိုလ်လုပွဲကို တက်ရောက်အပြီးမှာ FiveThirtyEight ရဲ့ စစ်တမ်းအရ လီဗာပူးအသင်းဟာ ၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မန်စီးတီးကို ကျော်ပြီး တောင့်တင်းတဲ့ လူစာရင်း ပိုင်ဆိုင်လာခြင်းဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ၂၀၁၉ ကစလို့ မန်စီးတီးအသင်းထက် စွမ်းဆောင်ရည် ပိုမို တောင့်တင်းလာခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့သေးပေမယ့် အဲ့နောက်ပိုင်းမှာ ဒဏ်ရာ အပါအဝင် အကြောင်းရင်းတွေကြောင့် မန်စီးတီးထက် ပြန်နိမ့်သွားခဲ့ရာကနေ အခုမှ အသင်းရဲ့ ဖွဲ့စည်းပုံဟာ အင်ပြည့်အားပြည့် ပြန်ရောက်လာခဲ့ခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ အရေးကြီးဆုံး မှတ်သားဖွယ် အချက်ကတော့ ဒီရာသီ အပါအဝင် ၄ ရာသီအတွင်းမှာ ဘာတွေပဲဖြစ်ခဲ့ပါစေ လီဗာပူးနဲ့ မန်စီးတီးကြား ၄ ရာသီ အမှတ်ပေါင်းဟာ ၁ မှတ်ပဲ ကွာခြားခြင်း ဖြစ်ပါတယ်။ နှစ်သင်းကြား အပြောင်းအရွှေ့ အသုံးစရိတ်ကို ချိန်ထိုးမယ်ဆိုရင် လီဗာပူးက ဘယ်လောက်ဝေးဝေးထိ ကျားကုပ်ကျားခဲ လိုက်နေခဲ့တယ် ဆိုတာ မြင်သာလိမ့်မယ်။

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ လူငယ်တွေ အပါအဝင် မန်စီးတီးအသင်းဟာ ကစားသမား ၂၅ ဦးကို အသုံးပြုခဲ့ပြီး လီဗာပူးအသင်းက ၂၇ ဦးထိ အသုံးပြုထားပါတယ်။ ပထမရာသီဝက်မှာ ကွာခြားမှု နည်းပါးခဲ့ပေမယ့် ဇန်နဝါရီမှာ မန်စီးတီးက ဖာရန်တောရက်စ်ကို လက်လွတ်ရပြီး လီဗာပူးက လူးဝစ် ဒီယက်စ်ကို ခေါ်ယူချိန်မှာတော့ နှစ်သင်းကြား လူစာရင်း ကွာဟမှု ကြီးမားသလို ဖြစ်လာခဲ့တယ်။

လီဗာပူးရဲ့ တိုးတက်မှုတွေအကြောင်း ပြောမယ်ဆိုရင် လူစာရင်း ဟန်ချက်ညီမှုကို ထည့်ပြောဖို့ လိုပါလိမ့်မယ်။ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ လီဗာပူး ခေါ်ယူခဲ့တဲ့ ကစားသမားတွေဟာ အသင်းရဲ့ မအောင်မြင်မှုကြောင့် လူသိနည်းလှပါတယ်။ ဒါပေမယ့် ၂၀၂၀ နွေမှာတော့ ကိုဗစ်ကပ်ဘေးကြားက လီဗာပူးအသင်းဟာ ကိုစတက်၊ ဂျိုတာ၊ သီယေဂိုတို့ကို ခေါ်ယူခဲ့တာဖြစ်တယ်။

၂၀၂၁ နွေမှာတော့ ကိုနတေး တစ်ဦးတည်းကို ခေါ်ယူခဲ့ပြီး ၂၀၂၂ ဇန်နဝါရီမှာ ဒေးဗစ် လူးဝစ်ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ မနှစ်တုန်းက ဒဏ်ရာ ပြဿနာတွေကြောင့် သီယေဂိုနဲ့ ဂျိုတာတို့ အရမ်းကြီး မထင်ပေါ်ခဲ့ပေမယ့် ဒီရာသီ ကြံ့ခိုင်မှု ပြဿနာကို လီဗာပူးအသင်း ဖြေရှင်းနိုင်ချိန်မှာ ဒီကစားသမား နှစ်ဦးဟာ ပွဲထွက်လူစာရင်းမှာ ဖယ်ထုတ်ဖို့ ခက်လောက်အောင် တောက်ပလာတယ်။ ကိုနတေးနဲ့ ဒီယက်စ်တို့ကလည်း ဂိုမက်စ်နဲ့ ဖာမင်နိုတို့ရဲ့ ပွဲထွက်ခွင့်ကို ခြိမ်းခြောက်လာခဲ့ပါတယ်။

ကိုဗစ်ကာလ စတင်ကတည်းက လီဗာပူးအသင်းဟာ အရောင်းရှိမှ အဝယ်ရှိရမယ်ဆိုတဲ့ ပေါ်လစီကို ကျင့်သုံးလာတာပါ။ သူတို့ရဲ့ ရပ်တည်ချက်ကတော့ မရောင်းနိုင်ရင် မဝယ်ဘူးဆိုတဲ့ ပုံစံဖြစ်ကြောင်း ကလော့ပ် ကိုယ်တိုင်က ပွင့်ပွင့်လင်းလင်း ထုတ်ပြောထားတယ်။ လီဗာပူးဟာ တူညီတဲ့ ကာလအတွင်းမှာ မန်စီးတီးကို ရအောင်လိုက်ဖို့ ငွေကြေးတစ်ရပ် ရအောင်ရှာသလို တန်အောင်လည်း သုံးခဲ့ပါတယ်။

လီဗာပူးဟာ သီယေဂိုလို ကစားသမားအတွက် ပေါင် သန်း ၂၀ ပဲ သုံးခဲ့ရတယ်။ ကိုစတက်အတွက် ၁၂ သန်းဖြစ်ကာ ဂျိုတာအတွက် ပေါင် သန်း ၄၀ သုံးခဲ့ပြီး သက်ရောက်မှုက အတော်ကြီးမားပါတယ်။ ၂၀၂၁ ဇန်နဝါရီမှာ ခံစစ်မှူး ခေါ်ဖို့ တောင်းဆိုချိန် လီဗာပူးက လိုချင်တဲ့ ကစားသမားမရနိုင်တာမို့ အငှားတွေ ချိတ်ဆက်ခဲ့ပြီး နွေမှ ကိုနတေးကို ပေါင် ၃၆ သန်းနဲ့ ခေါ်ယူတယ်။ ဇန်နဝါရီမှာတော့ အခွင့်အရေးကောင်းနဲ့အတူ ဒီယက်စ်အတွက် ကနဦး ပေါင် ၃၇ သန်းနဲ့ ထပ်ခေါ်ပါတယ်။

၂၀၂၀ နွေကစလို လီဗာပူးအသင်းဟာ ကစားသမား ခေါ်ယူမှု ၅ ခုအတွက် ကနဦး ပေါင် သန်း ၁၄၀ ကနေ ပေါင် ၁၆၅ သန်းထိ ရောက်နိုင်တဲ့ ပြောင်းရွှေ့ကြေးတွေ သုံးခဲ့ရတာဖြစ်တယ်။ ဒါဟာ တူညီတဲ့ ကာလအတွင်း မန်စီးတီးရဲ့ အသုံးစရိတ်၊ အခြားသော ထိပ်တန်း ပြိုင်ဘက်တွေရဲ့ အသုံးစရိတ်နဲ့ ယှဉ်ရင်တော့ နည်းပါးနေတာကို မြင်ရပါမယ်။

အရပ်စကားနဲ့ဆိုရင် လီဗာပူးအသင်းဟာ တစ်ရာဖိုး ၃ ယောက်တန်တွေလောက်ပဲ ခေါ်ယူခဲ့တာမျိုးဖြစ်ပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့ ခေါ်ယူမှုတွေဖြစ်ဖို့ရာ လီဗာပူးဘက်က များစွာသော စောင့်ကြည့်မှုတွေ၊ ဒေတာစိစစ်မှု၊ နောက်ကြောင်းလိုက်မှု အစရှိတဲ့ ပစ်မှတ်တွေအတွက် ကင်းထောက်ခြင်းတွေကို နှစ်ကာလရှည် အားထုတ်ခဲ့ရပါတယ်။

ဒီနွေမှာတော့ လီဗာပူးအသင်းဟာ မီလ်နာ၊ အိုရီဂီ၊ ကားရီးယက်စ် တို့ကို အလွတ်နဲ့ ထွက်ခွာခွင့် ပေးပါလိမ့်မယ်။ ချိန်ဘာလိန်၊ နီကိုး၊ ဘမ်ဒေးဗစ်၊ မီနာမီနိုတို့ကို ရောင်းထုတ်ဖို့ ကြိုးစားပါမယ်။ သူတို့နေရာအတွက် ကာဗယ်ဟို အပြင် ငယ်ရွယ်ပြီး အလားအလာရှိတဲ့ ကစားသမားအချို့ ခေါ်ယူခြင်းနဲ့ အစားထိုးမှာဖြစ်ပါတယ်။

အားကောင်းပြီး ကျစ်လစ်တဲ့ ဖွဲ့စည်းပုံနဲ့ မှန်ကန်တဲ့ ခေါ်ယူမှုတွေဟာ လီဗာပူးအသင်းကို ဆုဖလားပြိုင်ဆိုင်မှုတွေရဲ့ ပြေးလမ်းကြောင်းမှာ အရှိန်ကောင်းကောင်း သွားနေစေတယ်။ ယာဂင်ကလော့ပ် ဦးဆောင်တဲ့ လီဗာပူးအဝတ်လဲခန်းကလည်း အသင်းထံ ပူးပေါင်းလာတဲ့ ကစားသမားတွေကို အဆင့်တစ်ဆင့်ရောက်အောင် ထပ်မံ မြင့်တင်ပေးပါလိမ့်မယ်။

ဒီရာသီမှာ ဆုဖလားလေးလုံး မျှော်လင့်ချက်က ရှင်သန်နေဆဲဖြစ်ကာ နွေမှာ ပြုလုပ်မယ့် အပြောင်းအလဲတွေက လီဗာပူးအသင်းကို ပိုမို မြင့်မားလာစေဦးမယ့် အလားအလာတွေ ရှိနေဆဲဖြစ်ပါတယ်။